နိုင်ဂျီးရီးယား သမ္မတနဲ့ ကတော် နိုင်ငံရေး ချေတင် ပြော

  • 14 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမန် အမျိုးသမီး ဝန်ကြီးချုပ် အန်ဂလာ မာကဲက ငေးစိုက်ကြည့်

နိုင်ဂျီးရီးယားမှာ သမ္မတ ကတော်က သူ့ခင်ပွန်းကို နောက်ရွေးကောက်ပွဲကျရင် ထောက်ခံမှု မပေးဘူးလို့ ပြောလိုက်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ သူ့ ယောက်ျားက သူ့အစိုးရ အဖွဲ့ကို ကောင်းကောင်း ကြိုးမကိုင်နိုင်လို့ပါတဲ့။

ဒီစကားနဲ့ ပတ်သက်လို့ နိုင်ဂျီးရီးယား သမ္မတ Muhammadu Buhari က သူ့မိန်းမဟာ သူ့မီးဖိုနဲ့ သက်ဆိုင်တယ်လို့ပဲ ပြောပါတယ်။

သူ့မိန်းမ ဘယ်ပါတီနဲ့ ဆိုင်တယ်ဆိုတာ မသိပေမယ့် ကျနော့ မီးဖိုဆောင်၊ ဧည့်ခန်းတွေနဲ့ ဆိုင်ပါတယ်လို့ သူက တုံ့ပြန် ပြောဆိုပါတယ်။

သူ့အနေနဲ့ သမ္မတ ရွေးကောက်ပွဲ ၃ ခါ ဝင်ပြိုင်ခဲ့ပြီး ၄ ခါမြောက်မှာ နိုင်ခဲ့တဲ့အတွက် သူ့မိန်းမထက် ပိုပြီး အသိဉာဏ် ကြီးကြောင်း ပြနိုင်ပါတယ်လို့လည်း နိုင်ဂျီးရီးယား သမ္မတ က ဆိုပါတယ်။

ဘီဘီစီနဲ့ မေးမြန်းခန်းတခုမှာ သမ္မတ ကတော် Aisha Buhari က သူ့ယောက်ျားဟာ သူ့အစိုးရထဲက လူ ၅ဝ မှာ ၄၅ ယောက်ကို မသိဘူး၊ သူလည်း အဲဒီလူတွေကို မသိဘူးလို့ ပြောကြား ခဲ့တာပါ။

အစိုးရ ဌာန တချို့ကို ယူထားတဲ့ သူတွေကို ဘယ်သူကမှ သူတို့ကို မသိကြဘူး။ ဒီလူတွေကလည်း ကျမတို့ ပါတီ ရည်ရွယ်ချက်ကို မသိဘူး၊ နောက် သူတို့ဟာ ကျမတို့ ထဲက လူတွေ လုံးဝ မဟုတ်ပါဘူးလို့ နိုင်ဂျီးရီးယား သမ္မတ ကတော် က ဆိုပါတယ်။

ဒီလို နိုင်ငံ့ ဥသျှောင် ဇနီး မောင်နှံ ၂ ယောက်ကြား ဘွင်းဘွင်းကြီး ပြောချ လိုက်ကြတဲ့အတွက် အတော် အံ့အားသင့်သွားကြပါတယ်။ နောက်ပြီး သမ္မတက သူ့ဇနီးကို မီးဖိုနဲ့ ဆိုင်တယ်လို့ ပြောတဲ့ စကားကလည်း လူမှု ကွန်ယက်တွေမှာ ဂယက်ရိုက်ကုန်ပါတယ်။

ဒါဟာ သမ္မတက မိန်းမတွေရဲ့ တန်ဖိုးကို နှိမ့်ချ ပြောလိုက်တာပဲလို့ လူတွေက ဆိုပါတယ်။

တကယ်တော့ နိုင်ဂျီးရီးယား သမ္မတ ကတော်ဟာ မနှစ်က ရွေးကောက်ပွဲမှာ ယောက်ျားအတွက် အားကြိုးမာန်တက် မဲဆွယ်ပေးခဲ့သူပါ။ ဒါပေမဲ့လည်း အုပ်ချုပ်ရေးပိုင်းမှာ သူဘာမှ ဝင်မစွက်ဘဲ နေခဲ့ပါတယ်။

အမျိုးသမီးတွေ အတွက် စွမ်းရည် မြှင့်တင်ရေးနဲ့ ဘိုကိုဟာရမ် သူပုန် ဒေသတွေက စစ်ဒဏ်ခံ ပြည်သူတွေကို ကူညီရေးတွေမှာ သူက ဇောက်ချ လုပ်ကိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ သူ့ယောက်ျားက သူ့ကို ဝေဖန်တာကို လူတွေက ပိုပြီး အာရုံစိုက်မိကြတာပါ။

ဒီလို စကားကြောင့် မစ္စတာ ဘူဟာရီဟာ သိမ်ဖျင်းတဲ့ သမ္မတဆိုတဲ့ တံဆိပ်ကို ရရှိသွားသလို ဒီစကားကလည်း နိုင်ဂျီးရီးယား မှာ စီးပွားရေး ကျပြီး အာဏာရ ပါတီထဲမှာ မညီမညွတ် ဖြစ်နေချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

မစ္စတာ ဘူဟာရီ ဂျာမနီမှာ ရောက်ရှိနေတုန်း ဒီစကား ပြောလိုက်ချိန်မှာ သူ့ဘေးမှာ ရှိတဲ့ ဂျာမန် အမျိုးသမီး ဝန်ကြီးချုပ် အန်ဂလာ မာကဲက သူ့ကို ငေးစိုက်ကြည့်နေတယ်လို့ သိရပါတယ် ။