ကလေးတွေအပေါ် လိင်ကျူးလွန်သူတွေကို အင်ဒိုနီးရှား ဥပဒေသစ်က ဖယ်ရှားနိုင်မယ်

  • 19 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အင်ဒိုနီးရှားမှာ ကလေးတွေအပေါ် လိင်ကျူးလွန်မှုတွေ တိုးပွားလာတဲ့ အတွက် ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြ။

အင်ဒိုနီးရှား နိုင်ငံမှာ လိင်မှုတရားခံတွေကို ဆေးဝါးသုံးပြီး သင်းကွပ်မယ့် ဥပဒေ အသစ်ပြဋ္ဌာန်းခဲ့တာကြောင့် ကလေးငယ်တွေအပေါ် လိင်စိတ်နဲ့ တိမ်းညွှတ် ဖောက်ပြန်တဲ့သူတွေကို ဒီဥပဒေက ဖယ်ရှားနိုင်လိမ့်မယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ဘီဘီစီကို ပြောပါတယ်။

လူ့အခွင့်အရေးကို အင်ဒိုနီးရှားက လေးစားပေမယ့် ကလေးတွေအပေါ် လိင်မှု ကျူးလွန်တာတွေကိုတော့ လျှော့ပေါ့ စဉ်းစားမှာ မဟုတ်ဘူးလို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ၁၄ နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှု ပေါ်ပေါက်ခဲ့ပြီးနောက် ကလေးတွေအပေါ် လိင်စိတ်နဲ့ တိမ်းညွှတ် ဖောက်ပြန်သူတွေကို ဆေးဝါးသုံးပြီး သင်းကွပ်မယ့် ဥပဒေတွေကို အခုလ အစောပိုင်းက အတည်ပြုခဲ့တာပါ။

အဲဒီ ဥပဒေတွေကို အတည်ပြုနိုင်ဖို့ ပါလီမန်ထဲမှာ ပြင်းပြင်းထန်ထန် ငြင်းခုန်မှုတွေ လုပ်ခဲ့ရပါတယ်။

အင်ဒိုနီးရှား ဆရာဝန်များ အသင်းကတော့ ဒီပြစ်ဒဏ်က ဆေးပညာ ကျင့်ဝတ်နဲ့ ဆန့်ကျင်နေတဲ့အတွက် ပြစ်ဒဏ်ပေးတဲ့ လုပ်ငန်းစဉ်ထဲမှာ သူတို့ရဲ့ အသင်းဝင် ဆရာဝန်တွေ ပါဝင် ဆောင်ရွက်ဖို့ မသင့်ဘူးလို့ ပြောပါတယ်။

ဆေးဝါးသုံးပြီး သင်းကွပ်တဲ့ နည်းက လိင်အင်္ဂါ အစိတ်အပိုင်းတွေ ထုတ်ပစ်စရာ မလိုဘဲ၊ သားကြောဖြတ်စရာ မလိုဘဲ ဆေးဝါး ပေးထားချိန် ကာလတလျှောက် လိင်စိတ်တွေ မပေါ်အောင် ထိန်းထားဖို့ ဖြစ်ပါတယ်။