မိုဆူးလ်မြို့ တဝိုက်က လူထောင်ချီ ထွက်ပြေး

  • 19 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption မိုဆူးလ်မြို့ တဝိုက်က ရေနံတွင်းတွေကိုလည်း IS တွေက မီးရှို့ထားကြ။

အီရတ်နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်ထဲက မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ဖို့ အတွက် အီရတ် တပ်ဖွဲ့တွေရဲ့ ထိုးစစ် မြို့အနီး ချဉ်းကပ်လာချိန်မှာ ထောင်နဲ့ချီတဲ့ လူတွေ မြို့အနီးတဝိုက်ကနေ ထွက်ပြေး လွတ်မြောက် လာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ လူ ငါးထောင်လောက်ဟာ အီရတ် နယ်စပ်ကို ဖြတ်ကျော်ပြီး ဆီးရီးယားထဲကို ဝင်ရောက်လာခဲ့ကြတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

မိုဆူးလ် မြို့ထဲမှာ IS တိုက်ခိုက်ရေးသမား ငါးထောင် လောက်အထိ ရှိနေနိုင်ပြီး၊ ပိတ်မိနေတဲ့ အရပ်သားက တစ်သန်းခွဲ အထိ ရှိနိုင်တယ်လို့ ယူဆ ရပါတယ်။

လာမယ့် ရက်တွေမှာ မိုဆူးလ်မြို့ကနေ နောက်ထပ် အရပ်သား ၂ သိန်း ထက်မနည်း ထပ်ပြီး ထွက်ပြေးလာဖွယ် ရှိတယ်လို့ ကုလ သမဂ္ဂက ခန့်မှန်း ထားပါတယ်။

ထပ်ပြီး ထွက်ပြေးလာမယ့် လူတွေအတွက် မြို့ရဲ့ တောင်ဘက်၊ အရှေ့ဘက်နဲ့ မြောက်ဘက်တွေမှာ ဒုက္ခသည် စခန်းတွေ ဆောက်နေပါတယ်။

အီရတ် အစိုးရကတော့ စစ်ဆင်ရေးတွေ လုပ်နေတဲ့အတွက် အရပ်သားတွေကို မြို့ထဲမှာပဲ နေတာက ပိုလုံခြုံစေနိုင်တယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် IS တွေက အရပ်သားတွေကို အကာအကွယ် လူသားဒိုင်း အဖြစ် သုံးမယ့် အန္တရာယ် ရှိနေတဲ့အပြင် ဓာတု လက်နက်တွေ သုံးပြီး တိုက်ခိုက်မယ့် အန္တရာယ်ကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

မိုဆူးလ်မြို့ တောင်ဘက်မှာ အီရတ် တပ်ဖွဲ့တွေ၊ အရှေ့ဘက်မှာ ကာဒစ်ရှ် မဟာမိတ်တွေက မြို့ကို ချဉ်းကပ် လာနေပြီး အခုချိန်မှာ မြို့နဲ့ မိုင် ၂၀ လောက် အကွာကို ရောက်နေကြပြီလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ