မိုဆူးလ်မြို့သိမ်း စစ်ဆင်ရေး၊ အီရတ် ဝန်ကြီးချုပ် အားရ

  • 20 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကာဒစ်ရှ် တပ်တွေက မိုဆူးလ်မြို့ အရှေ့ဘက်နဲ့ မြောက်ဘက်ကနေ ထိုးစစ်ဆင်နေ။

အီရတ်နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်ထဲက မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေး ဆောင်ရွက်ချက်တွေဟာ မူလ စီစဉ်ထားတာထက် ပိုပြီး မြန်ဆန်နေတယ်လို့ အီရတ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါဟာ အီရတ် တပ်ဖွဲ့တွေနဲ့ ကာဒစ်ရှ် တပ်တွေအကြား တူညီတဲ့ ဦးတည်ချက်နဲ့ ပြန်လည် သင့်မြတ်မှုကို ပြသလိုက်တာပဲလို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က ပြောပါတယ်။

မိုဆူးလ်မြို့ အရှေ့ဘက်နဲ့ မြောက်ဘက်ကနေ ကာဒစ်ရှ် တပ်တွေက အင်အား ကြီးမားတဲ့ စစ်ဆင်ရေးကို စတင်လိုက်ချိန်မှာပဲ အီရတ် ဝန်ကြီးချုပ်က ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အီရတ် အစိုးရ တပ်တွေကတော့ မိုဆူးလ်မြို့ တောင်ဘက်ကနေ ချဉ်းကပ်နေပြီး အခုဆိုရင် အီရတ် အထူးတပ်ဖွဲ့တွေပါ ထိုးစစ်မှာ ပေါင်းစည်း ပါဝင်လာပြီလို့ ဆိုပါတယ်။

မိုဆူးလ်မြို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက IS တွေ လက်အောက် ကျရောက်ခဲ့တာ ဖြစ်ပြီး အီရတ် နိုင်ငံထဲမှာ IS တွေရဲ့ နောက်ဆုံး ခြေကုပ်မြို့ ဖြစ်ပါတယ်။

မိုဆူးလ်မြို့ကို ပြန်သိမ်းဖို့ စစ်ဆင်ရေးကို တနင်္လာနေ့က စတင်ခဲ့တာပါ။ မြို့ထဲမှာ အရပ်သား တစ်သန်းခွဲ လောက်အထိ ရှိနေနိုင်တယ်လို့ ယူဆရပါတယ်။

မြို့ထဲကနေ IS ခေါင်းဆောင်တချို့ ထွက်ခွာသွားကြပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် IS စစ်သွေးကြွ ငါးထောင် လောက်အထိ မြို့ထဲမှာ ရှိနေနိုင်တယ်လို့ ယူဆ ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ