အလက်ပိုမှာ စာနာထောက်ထားမှု အစီအစဉ် စတင်

  • 20 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပို အရှေ့ပိုင်းက သူပုန်နယ်မြေတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ လအတွင်း သေဆုံး ဒဏ်ရာရသူ ၂၇၀၀ လောက် ရှိခဲ့ဟု ဆို။

ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့မှာ အရပ်သားတွေနဲ့ သူပုန်တွေကို ထွက်ခွာခွင့်ပေးတဲ့ လူသားချင်း စာနာထောက်ထားမှု အစီအစဉ် စတင် သက်ရောက်နေပြီ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေ ရပ်နားထားတဲ့ အချိန်ကာလကို ထပ်တိုးပေးဖို့လည်း ရုရှားက အာမခံ ပြောဆိုခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒါကြောင့် ဆေးဝါး ကုသဖို့ လိုနေတဲ့ ရာနဲ့ချီတဲ့ လူတွေ သောကြာနေ့မှာ မြို့ကနေ ထွက်ခွာနိုင်ဖို့ မျှော်လင့်ရတယ်လို့ ကုလ သမဂ္ဂရဲ့ စာနာထောက်ထားမှု ဆိုင်ရာ အကြီးအကဲ Jan Egeland က ပြောပါတယ်။

ရုရှားနဲ့ ဆီးရီးယားတို့ အပစ်ရပ်ထားချိန် အတောအတွင်းမှာ အရပ်သားတွေနဲ့ အတူ သူပုန်တွေပါ မြို့ကနေ ထွက်ခွာခွင့် ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူပုန်တွေ ဘက်ကတော့ ထွက်ခွာဖို့ ငြင်းဆန်ထားပြီး အရပ်သားတွေ ထဲကလည်း အခုချိန်အထိ ထွက်ခွာသူ မရှိသလောက် ဖြစ်နေဆဲ ဖြစ်ပါတယ်။

အလက်ပိုမြို့ အရှေ့ပိုင်းက သူပုန်သိမ်း နယ်မြေတွေပေါ်ကို ဗုံးကြဲ တိုက်ခိုက်မှုတွေကို ရုရှားနဲ့ ဆီးရီးယားတို့က အင်္ဂါနေ့က စပြီး ရပ်ဆိုင်း ထားခဲ့တာ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့လအတွင်းမှာ သေကြေ ဒဏ်ရာရသူ နှစ်ထောင့် ခုနစ်ရာလောက် ရှိခဲ့တယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ