အီရတ်မြောက်ပိုင်း ကာကွတ်မြို့မှာ IS တွေ တန်ပြန် တိုက်ခိုက်

  • 21 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ကာကွတ်မြို့မှာ တိုက်ခိုက်တဲ့ IS တွေကို အီရတ် အစိုးရ တပ်နဲ့အတူ ကာဒစ်ရှ် တွေပါ ကူတိုက်ခဲ့။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်ထဲက မိုဆူးလ်မြို့ကို ပြန်သိမ်းဖို့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေဆဲမှာပဲ အီရတ်မြောက်ပိုင်းက နောက်ထပ် မြို့တစ်မြို့ ဖြစ်တဲ့ ကာကွတ် မြို့မှာ IS တွေက တန်ပြန် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ပါတယ်။

ကာကွတ် မြို့က အစိုးရ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ရာမှာ ရဲအရာရှိ ၆ ဦး သေဆုံးခဲ့သလို၊ မြို့ပြင်က စွမ်းအင်စက်ရုံ တစ်ခုကိုလည်း တိုက်ခိုက်ခဲ့တဲ့အတွက် အလုပ်သမား ၁၃ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

IS တွေ ဘက်ကတော့ စစ်သွေးကြွ ၁၂ ယောက် သေဆုံးတယ်လို့ သတင်းတွေက ဆိုပြီး တိုက်ခိုက်မှုတွေ ရပ်မသွားသေးဘဲ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒီ တိုက်ခိုက်မှုတွေကို ကာကွက် မြို့ထဲမှာ အရင်ကတည်းက လျှို့ဝှက် ခိုအောင်းနေတဲ့ IS စစ်သွေးကြွတွေက လုပ်ခဲ့တာလို့ သတင်းတွေက ပြောပါတယ်။

IS တွေရဲ့ အီရတ်ထဲက ခြေကုပ်မြို့ ဖြစ်တဲ့ မိုဆူးလ် မြို့ကိုတော့ တနင်္လာနေ့က စတင်ပြီး အီရတ် အစိုးရ တပ်တွေနဲ့ ကာဒစ်ရှ် တပ်တွေ ဝိုင်းဝန်း ထိုးစစ်ဆင် နေကြပါတယ်။

မိုဆူးလ် မြို့ဟာ အခု IS တွေ တန်ပြန် တိုက်ခိုက်ခဲ့တဲ့ ကာကွတ်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၁၀၀ လောက် အကွာမှာ ရှိပါတယ်။

အီရတ် အစိုးရတပ်ကတော့ သောကြာနေ့မှာ မိုဆူးလ်မြို့ တောင်ပိုင်းက နောက်ထပ် ကျေးရွာ နှစ်ရွာကို ထပ်သိမ်း နိုင်ခဲ့ပြီး IS စစ်သွေးကြွ ၁၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ