ICC အဖွဲ့ဝင်အဖြစ်က တောင်အာဖရိကနိုင်ငံ နုတ်ထွက်စာ တင်သွင်း

  • 21 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ICC က ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ဆူဒန် သမ္မတဟာ မနှစ်က တောင်အာဖရိကမှာ အစည်းအဝေး လာတက်ခဲ့။

တောင်အာဖရိက နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ဖို့အတွက် ကုလသမဂ္ဂထံကို အသိပေး အကြောင်းကြားစာ တင်သွင်းလိုက်ပါတယ်။

အခုလို နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC ကနေ ဘာကြောင့် နုတ်ထွက်ရသလဲ ဆိုတာကိုလည်း တောင်အာဖရိက နိုင်ငံက ရှင်းလင်းခဲ့ပါတယ်။

ICC ရဲ့ စည်းမျဉ်း စည်းကမ်းတွေဟာ နိုင်ငံတွေရဲ့ လက်ရှိ ခေါင်းဆောင်တွေကို သံတမန်ရေးအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ တောင်အာဖရိက နိုင်ငံရဲ့ ဥပဒေတွေနဲ့ လိုက်လျောညီထွေခြင်း မရှိဘူးလို့ တောင်အာဖရိက တရားရေး ဝန်ကြီး မိုက်ကယ် မက်ဆူတာက ပြောပါတယ်။

ဒေသတွင်းမှာ ငြိမ်းချမ်းရေး အတွက် ကြားဝင်ညှိနှိုင်းပေးရတဲ့ တောင်အာဖရိက နိုင်ငံအတွက် ဒီအချက်က အဟန့်အတား ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။

မနှစ်တုန်းက ဆူဒန် သမ္မတ အိုမာ အယ်လ် ဘတ်ရှား ကို စစ်ရာဇဝတ်မှုတွေအတွက် ICC က ဖမ်းဝရမ်း ထုတ်ခဲ့တာကို တောင်အာရိကက လျစ်လျူရှုခဲ့တဲ့ အပေါ် ဝေဖန် ခံခဲ့ရပါတယ်။

အဲဒီ အချိန်က ဆူဒန် သမ္မတ မစ္စတာ ဘတ်ရှားဟာ တောင်အာဖရိကမှာ အစည်းအဝေး လာတက်နေချိန်ဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့ တောင်အာဖရိက အစိုးရက လျစ်လျူရှုခဲ့တာပါ။

အခု ICC အဖွဲ့ဝင် အဖြစ်က ရုတ်သိမ်းဖို့ လုပ်ဆောင်ချက်တွေဟာ တနှစ်အကြာမှာ တရားဝင် ဖြစ်လာမယ်လို့ တောင်အာဖရိက တရားရေးဝန်ကြီး မစ္စတာ မက်ဆူတာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ