အမေရိကန်တပ် ကန့်ဓါတ်ငွေ့ဒဏ် ကာကွယ်နေရ

  • 22 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်ရက်ဆက် ပြန့်နေတဲ့ ကန့်ဓါတ်ငွေ့တွေ

အီရတ်က ကိုင်ယာရာလေတပ်စခန်းကို ဦးတည်လာတဲ့ ကန့်ဓါတ်အဆိပ်ငွေ့တွေကြောင့် အမေရိကန်တပ်သားတွေ ဓါတ်ငွေ့ကာ မျက်နှာဖုံးတွေနဲ့ ကာကွယ်ထားရပါတယ်။

မိုဆူးလ်မြို့တောင်ဘက်က အယ်မစ်ရှရက်ဒေသမှာရှိတဲ့ ကန့်ဓါတ်ထုတ် စက်ရုံတရုံကို အိုင်အက်စ်အဖွဲ့တွေက မနေ့က ဖောက်ခွဲလိုက်တဲ့အတွက် အခုလို အဆိပ်ငွေ့တွေ ထွက်လာတာ ဖြစ်ပါတယ်။

မိုဆူးလ်မြို့သိမ်းတိုက်ပွဲခြောက်ရက်မြောက်နေ့အတွင်း မိုဆူးလ်မြို့ကနေ ကီလိုမီတာ ၂၀ကွာတဲ့ ကာရာကို့ရှ်မှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေပါတယ်။

အဲဒီ့နေရာမှာ အီရတ်စစ်တပ်က နိုင်ငံ့အလံ လွှင့်ထူနိုင်ခဲ့ပေမယ့် အစ္စလမ်မစ်နိုင်ငံအဖွဲ့ရဲ့ ပြန်လည် တိုက်ခိုက်မှုတွေလည်း ကြုံနေရပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာဟာ အီရတ်နိုင်ငံက မိုဆူးလ်မြို့သိမ်းတိုက်ပွဲ အခြေအနေကို စစ်ဆေးဖို့အတွက် အီရတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

မိုဆိုးတိုက်ပွဲဖြစ်စဉ်မှာ တူရကီတပ်တွေပါဖို့ မလိုအပ်သေးကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်အဘာဒီက မစ္စတာ ကာတာနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုလိုက်ပါတယ်။

တူရကီနိုင်ငံကတော့ တိုက်ပွဲဖြစ်စဉ်မှာ သူလည်း ပါသင့်တယ်လို့ ပြောဆိုထားတဲ့အတွက် အီရတ်နဲ့ အခြေအနေတင်းမာမှုတချို့ ရှိနေပါတယ်။

မိုဆူးလ်မြို့သိမ်းတိုက်ပွဲမှာ အီရတ်စစ်တပ်နဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေအပြင် ကာ့ဒ်တပ်ဖွဲ့တွေလည်း ပါဝင်နေပါတယ်။