ကျား မ အရက်သောက်နှုန်း ညီမျှလာတယ်လို့ ဆေးပညာ ဂျာနယ်ကရေး

  • 25 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Thinkstock
Image caption ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား ကြော်ငြာ

အမျိုးသားနဲ့ အမျိုးသမီး အရက်သောက်နှုန်း ညီမျှလာ တယ်လို့ ဗြိတိသျှ ဆေးပညာ ဂျာနယ်က ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက် တစောင်မှာ ရေးသား လိုက်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၁၂ဝ ကျော်အတွင်း မွေးဖွားခဲ့တဲ့ လူ ၄ သန်းကို လေ့လာပြီး ဒီလို လေ့လာ တွေ့ရှိခဲ့တာပါ။

အရင်တုန်းက အမျိုးသားတွေပဲ အရက် သောက်သုံးမှု ပိုများပြီး အရက်ဆိုးကျိုးတွေကို ရင်ဆိုင်ရလေ့ ရှိခဲ့ပေမယ့် ခုတော့ ဒီကွာဟချက်က နည်းလာပါပြီ။

ဒါဟာ လူ့အဖွဲ့အစည်းမှာ အမျိုးသား နဲ့ အမျိုးသမီး ထမ်းဆောင်ရတဲ့ တာဝန်တွေ ပြောင်းလဲလာလို့ ဖြစ်တယ်လို့ သိရပါတယ်။

အရင်က အမျိုးသားတွေပဲ လုပ်ခဲ့တဲ့ အလုပ်တွေကို အမျိုးသမီးတွေ ဝင်လုပ်လာတာနဲ့ အလုပ်ပြီးမှာ သောက်တဲ့ အလေ့အထ အမျိုးသမီးတွေကြား ပေါ်ထွန်းလာတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အရင်က ယောက်ျားတွေက မိန်းမတွေထက် ၂ ဆ လောက် ပိုသောက်ပြီး ၃ ဆ ကျော် ဆိုးကျိုးတွေ ခံခဲ့ရပေမယ့် ခုခေတ်မှာတော့ ဆတူ နီးပါး သောက်နေကြပြီလို့ ဒိလေ့လာချက်က ရေးသားပါတယ်။

နောက်ပြီး အရက်ကို အလွန်အကျွံ သောက်သုံးမှုမှာလည်း အမျိုးသားတွေက အမျိုးသမီးတွေအောက် ပိုမို လျော့ကျလာပြီလို့ သိရပါတယ်။

အရက်ကို အလွယ်တကူ ဝယ်လို့ရနေတာနဲ့ အရက် ကြော်ငြာတွေမှာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား ကြော်ငြာနေတာတွေက ဒီလို သောက်သုံးမှု ပုံစံ ပြောင်းလာတာရဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။