ဟီလာရီအတွက် ဒုတိယအကြိမ်မှာ ကံကောင်းမှာလား

  • 31 အောက်တိုဘာ 2016
၂၀၁၄ ခုနှစ်က မစ္စက်ကလင်တန် မိန့်ခွန်းပြောနေစဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၄ ခုနှစ်က မစ္စက်ကလင်တန် မိန့်ခွန်းပြောနေစဉ်

ဟီလာရီကလင်တန်ဟာ အမေရိကန် နိုင်ငံရေးမှာ အဆင့်မြင့်တာဝန်တွေ ယူခဲ့ဖူးသူပါ။ သမ္မတကတော်၊ ဆီးနိတ်လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။ အခုတော့ သူ့ဘဝတလျောက်လုံး ရည်မှန်းချက်ထားခဲ့တဲ့ အမြင့်ဆုံးရာထူး ဖြစ်တဲ့ သမ္မတနေရာအတွက် ဒုတိယအကြိမ် ကြိုးစားလာတာဖြစ်ပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဟီလာရီဟာ သမ္မတအိုဘားမားအစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အိုဘားမားရဲ့ ပထမသက်တမ်းအစ ၂၀၀၉ ဒီဇင်ဘာလကတည်းက စတင်တာဝန်ယူခဲ့ပြီး မစ္စတာအိုဘားမား ဒုတိယသက်တမ်း အရွေးခံရချိန်မှာတော့ အဲဒီရာထူးက အနားယူခဲ့ပါတယ်။

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး သံတမန်တစ်ယောက်အဖြစ်သူဟာ ကမ္ဘာတလွှားကို မနေမနားခရီးသွားခဲ့ရပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့လည်း တစ်ဦးချင်းတွေ့ဆုံဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။

ဒီလိုအတွေ့အကြုံတွေက သူ့အတွက် ပင်ပန်းခက်ခဲတဲ့ မဲဆွယ်ပွဲခရီးရှည်ကြီးကို ရင်ဆိုင်ဖြတ်သန်းဖို့ အသင့်ဖြစ်စေခဲ့ပါတယ်။ ဟီလာရီကလင်တန်ဟာ ၂၀၀၈ ခုနှစ်ကလည်း ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်အရွေးခံခဲ့ပေမယ့် ပါတီတွင်း အကြိုရွေးပွဲမှာပဲ မစ္စတာအိုဘားမားကို ရှုံးခဲ့ရပါတယ်။


သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟီလာရီကလင်တန်ရဲ့ နိုင်ငံရေးဘဝ အစခရီး

ဟီလာရီ ရိုဒန်ကလင်တန်

  • ၁၉၄၇ ခုနှစ် အောက်တိုဘာ ၂၆၊ ချီကာဂိုမှာ မွေးဖွား
  • ယေးလ်ဥပဒေတက္ကသိုလ်က ၁၉၇၃ မှာ ဘွဲ့ရ
  • ဘီလ်ကလင်တန်နဲ့ ၁၉၇၅ မှာ လက်ထပ်
  • ၁၉၉၃-၂၀၀၁: သမ္မတကတော် အဖြစ် ကျန်းမာရေးအာမခံတွေ လူအများရရှိရေးနဲ့ အမျိုးသမီးအခွင့်အရေးအတွက် လှုံ့ဆော်လှုပ်ရှားခဲ့
  • နယူးယောက်ဆီးနိတ်အမတ်အဖြစ် ၂၀၀၀ ခုနှစ်တွင် ရွေးချယ်ခံရ
  • ၂၀၀၆ ခုနှစ်မှာ မဲအပြတ်အသတ်နဲ့ ပြန်အရွေးခံရ
  • ၂၀၀၈ မှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ ဝင်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့
  • ၂၀၀၉ - ၂၀၁၃ အထိ နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့

ကလင်တန်အီးမေးလ် အရှုတ်တော်ပုံအကြောင်း စက္ကန့် ၄၀ ဗီဒီယို (အင်္ဂလိပ်လို)


ဟီလာရီ ဒိုင်ယန်း ရိုဒန်ကို ချီကာဂိုမြို့မှာ ၁၉၄၇ ခုနှစ် အောက်တိုဘာလမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေမှာ သူ မက်ဆာချူးဆက်က ဝယ်လက်စလီကောလိပ်မှာ တက်ရောက်ခဲ့ပြီး ကျောင်းသား နိုင်ငံရေူ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။

သူဟာ ယေးလ်တက္ကသိုလ် ဥပဒေကျောင်းတက်ချိန်မှာ ခင်ပွန်းလောင်း ဘီလ်ကလင်တန်နဲ့ စပြီး ဆုံစည်းခဲ့တာပါ။ သူတို့ ၁၉၇၅ မှာ လက်ထပ်ခဲ့ပါတယ်။ မစ္စတာကလင်တန် ၁၉၇၈ ခုနှစ်မှာ အာကန်ဆောပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာပြီးတဲ့နောက်မှာလည်း ဟီလာရီက နိုင်ငံရေးဖက်မှာ ဆက်တက်ကြွလှုပ်ရှားခဲ့ပါတယ်။ ၁၉၉၂ မှာ မစ္စတာ ကလင်တန်က သမ္မတအရွေးခံဖို့ မဲဆွယ်လှုပ်ရှားတဲ့အချိန်မှာ သူက မဲဆန္ဒရှင်တွေကို သူ့ကို ရွေးရင် "သမ္မတနှစ်ယောက်" ရမယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။ သမ္မတကတော်အဖြစ်နဲ့ ဟီလာရီဟာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေရဖို့နဲ့ အားလုံး ကျန်းမာရေးအာမခံရဖို့ လှုပ်ရှားခဲ့ပါတယ်။ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ သူ့ရဲ့ ဂုဏ်သတင်းထင်ရှား လာပါတယ်။ဒါပေမယ့် အားလုံးအတွက် ကျန်းမာရေးအာမခံရရေးကိစ္စကို ကွန်ဂရက်မှာ ဆွေးတောင်မဆွေးနွေးပဲ ဖြစ်ခဲ့လို့ ဟီလာရီရဲ့ ကြိုးပမ်းချက်လည်း မအောင်မြင်ခဲ့ပါဘူး။ သူ့ကို ဝေဖန်သူတွေကတော့ ဟီလာရီဟာ ရည်မှန်းချက်ကြီးလွန်းပြီး နိုင်ငံရေးအရ နုလွန်းတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ခင်ပွန်းသည် ဘီလ်ကလင်တန်ရဲ့ ဒုတိယသမ္မတသက်တမ်း တလျောက်လုံးလောက်မှာ ဘီလ်ကလင်တန်ရဲ့ အရှုတ်တော်ပုံတွေမှာ ဟီလာရီလည်း ပါဝင်ပတ်သက်နေခဲ့ရပါတယ်။ သူတို့လင်မယားနှစ်ယောက်ရဲ့ မအောင်မြင်ခဲ့တဲ့ အိမ်ခြံမြေရင်းနှီးမြုပ်နှံမှု တစ်ခုအတွက် ကွန်ဂရက်က စုံစမ်းစစ်ဆေးခဲ့တဲ့ ဝှိုက်ဝါးတားအရှုတ်တော်ပုံကြောင့်လည်း ကလင်တန် နာမည် ထိခိုက်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဟီလာရီ ရိုဒန် ကလင်တန်ကို သမ္မတကတော်အဖြစ်နဲ့ လူအများ စတင် ဂရုစိုက်မိလာကြပါတယ်။

သူတို့ ပြစ်မှု ကျူးလွန်တာ မရှိခဲ့ဘူးလို့တော့ စုံစမ်းစစ်ဆေးချက်က ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၉၈ မှာ သမ္မတကလင်တန်က အိမ်ဖြူတော်မှာ ခေတ္တလုပ်အားပေးလာလုပ်နေတဲ့ အမျိုးသမီးလေး မော်နီကာလူဝင်းစကီးနဲ့ လိင်ပိုင်းဆိုင်ရာအရှုတ်အထွေးဖြစ်ခဲ့တဲ့ အချိန်မှာလည်း ဟီလာရီကို မီဒီယာတွေက ဝိုင်းပြီး အာရုံစိုက်မေးမြန်းမှုတွေ ခံခဲ့ရပါတယ်။ဒီလို အရှုတ်တော်ပုံတွေက ဟီလာရီကို နောက်ပိုင်းမှာ သူကြုံလာရတဲ့ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး လောကဓံတွေကို ရင်ဆိုင်နိုင်အောင် ခံနိုင်ရည်ရှိလာစေခဲ့ပါတယ်။သူ့ခင်ပွန်းကို ဝေဖန်သူတွေကိုလည်း ဟီလာရီက တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ သမ္မတကို စွပ်စွဲပစ်တင်ပြီး ဖြုတ်ချဖို့ စစ်ဆေးမှုတွေအထိ ဖြစ်ခဲ့တဲ့ လူဝင်းစကီး အရှုတ်တော်ပုံဟာ လင်္ကျာစွန်းအုပ်စုရဲ့ ပူးပေါင်း ကြံစည်မှုတစ်ခုလို့ ၁၉၉၈ ခုနှစ်က အင်တာဗျုးတစ်ခုမှာ ဟီလာရီက စွပ်စွဲခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာ ဘီလ်ကလင်တန်ရဲ့ သမ္မတသက်တမ်း ကုန်ကာနီးမှာပဲ ဟီလာရီက နယူးယောက်ပြည်နယ် ဆီးနိတ်လွှတ်တော်အတွက် ဝင်အရွေးခံ အနိုင်ရခဲ့ပြီး ဒီမိုကရက်တစ်ပါတီမှာ အရေးပါသူ တစ်ယောက်ဖြစ်လာပါတယ်။၂၀၀၃ ခုနှစ်မှာ အီရတ်ကို ဝင်တိုက်တော့ ဟီလာရီက ထောက်ခံမဲပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အီရတ် ပဋိပက္ခ အရေးမှာ သူ ခပ်ခွာခွာနေခဲ့ပြီးအီရတ်က အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ သူ ဆီးနိတ်အမတ်နေရာကို လွယ်လွယ်ကူကူပဲ ပြန်အနိုင်ရခဲ့ပါတယ်။

မ္မတနေရာအတွက် ဝင်ယှဉ်ပြိုင်

၂၀၀၈ ခုနှစ်မှာတော့ ဟီလာရီဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံရဖို့ ဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ပါတီတွင်းက လူတွေအပါအဝင် ဝေဖန်သူတွေကတော့ ဟီလာရီဟာ အမေရိကန်ပြည်သူတွေ တော်တော်များများဆီက မဲမရနိုင်တဲ့ ကွဲပြားစေတဲ့ သူတစ်ဦးအဖြစ် မြင်ခဲ့ကြပါတယ်။အဆုံးမှာတော့ ဘာရက်အိုဘားမားက ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာပြီး ရွေးကောက်ပွဲကိုလည်း နိုင်ခဲ့ပါတယ်။မဲဆွယ်ကာလတွေမှာ အကြိတ်အနယ် အပြန်အလှန် ထိုးနှက်ခဲ့ကြတဲ့ ဒဏ်ရာတွေ အနာတွေကို ကုစားဖို့၊ ပါတီတွင်း ညီညွတ်ရေးကို ရှေ့ရှုပြီး အိုဘားမားက ဟီလာရီကလင်တန်ကို သူ့ရဲ့ နိုင်ငံြခားရေးဝန်ကြီး နေရာကို ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြိုင်ဖက်ကြီး အိုဘားမားရဲ့ အစိုးရအဖွဲ့ထဲမှာ ပါဝင်ဖို့ ဟီလာရီကလင်တန် သဘောတူခဲ့

ဝန်ကြီးသက်တမ်း လေးနှစ်အတွင်း မစ္စက်ကလင်တန်ဟာ နိုင်ငံပေါင်း ၁၁၂ နိုင်ငံကို သွားခဲ့ပါတယ်။ အရင်နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့သူတွေထက် ပိုများတဲ့ နိုင်ငံခြားခရီးစဉ်တွေပါ။

ဝန်ကြီးကလင်တန်ဟာ သူ့ရာထူးကပေးတဲ့ အရှိန်အဝါကို သုံးပြီး အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို တိုးမြှင့်ဖို့ ကြိုးစားလုပ်ခဲ့ပါတယ်။ အာရပ်နွေဦးလှုပ်ရှားမှုကို အမေရိကန်ရဲ့ တုံ့ပြန်မှု၊ ၂၀၁၁ မှာ လစ်ဗျားကို စစ်ရေးအရ ဝင်တိုက်မှုတွေမှာလည်း သူက ရှေ့တန်းက ဦးဆောင်ခဲ့ပါတယ်။ ၂၀၁၂ စက်တင်ဘာလမှာ လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့မှာ အမေရိကန်သံရုံးအတိုက်ခိုက်ခံရပြီး သံအမတ်ပါသေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မစ္စက်ကလင်တန်ရဲ့ နိုင်ငံခြားရေးဌာနဟာ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption လစ်ဗျားက ဘင်ဂါဇီမြို့မှ အမေရိကန် သံရုံးတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ မစ္စက်ကလင်တန် ဆီးနိတ်နိုင်ငံခြားဆက်ဆံရေးကော်မီတီ ရှေ့မှာ လာအစစ်ခံခဲ့ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ နောက်ဆုံးကာလတွေမှာ မစ္စက်ကလင်တန်ဟာ ဘင်ဂါဇီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်ကြားနာပွဲမှာ ခက်ခဲတဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ရပါတယ်။ မစ္စက်ကလင်တန်က သံရုံးမှာ လုံခြုံရေး ကျိုးပေါက်မှုအတွက် သူတာဝန်ယူကြောင်းပြောခဲ့ပေမယ့် လုံခြုံရေးပိုချထားပေးဖို့ တောင်းဆိုမှုတွေလည်း အရင်က မရှိခဲ့ပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၁၅ အောက်တိုဘာလမှာ မစ္စက်ကလင်တန်ဟာ ကွန်ဂရက်ကို နောက်တစ်ကြိမ်ရောက်လာပြီး ဘင်ဂါဇီကိစ္စအတွက် မေးခွန်းတွေကို ဖြေကြားခဲ့ရပါတယ်။ အထူးကော်မီတီတစ်ရပ်ရဲ့ မေးခွန်းတွေကို ၁၁ နာရီ ကျော်ကြာအောင် သူ ဖြေခဲ့ပေမယ့် အချက်အလက်အသစ်တွေတော့ ဘာမှ ထပ်သိခဲ့ရတာ မရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီး တာဝန်က အနားယူပြီးတဲ့နောက်မှာ မစ္စက်ကလင်တန်ဟာ သီးသန့်စကားပြောပွဲတွေ၊ အခမ်းအနားတွေမှာ မိန့်ခွန်းပေးတာတွေ လုပ်ခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဘဝ အတွေ့အကြုံတွေကို ပြန်ရေးထားတဲ့ သူ့ရဲ့ ဒုတိယမြောက် အထုပ္ပတ္တိ ခက်ခဲတဲ့ရွေးချယ်မှုများကို လည်း ရေးသားထုတ်ဝေခဲ့ပါတယ်။မစ္စက်ကလင်တန် သမ္မတအဖြစ် အရွေးခံမယ်လို့ မကြေညာခင်ကလေးမှာပဲ သူနိုင်ငံခြားရေးဝန်ကြီး ဘဝက ရုံးကိစ္စ စာပေးစာယူတွေကို သူ့ရဲ့ ကိုယ်ပိုင် အီးမေးလ်အကောင့်ကနေ သုံးခဲ့တယ်၊ အဲဒီအထဲမှာ နိုင်ငံအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေပါ ပါတယ်၊ ဒီလုပ်ရပ်ဟာ ဖက်ဒရယ်အစိုးရ ဥပဒေ စည်းကမ်းတွေကို ချိုးဖောက်ရာရောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟီလာရီကလင်တန်နဲ့ ဗားမောင့်ပြည်နယ် ဆီးနိတ်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်တို့ စကားစစ်ထိုးနေကြပုံ

အဲဒီအချိန်က ဗဟိုထောက်လှမ်းရေးအေဂျင်စီ အက်ဖ်ဘီအိုင်က မစ္စက်ကလင်တန်နဲ့ သူ့ဝန်ထမ်းတွေဟာ အရေးကြီးတဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ကိုင်တွယ်ရာမှာ အလွန်အမင်းပေါ့ဆခဲ့တယ်လို့ ဆိုပေမယ့် မစ္စက်ကလင်တန်ကို စွဲချက်မတင်ဖို့တော့ သဘောထားပြုခဲ့ပါတယ်။

အီးမေးလ်ကိစ္စနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ဖြစ်ရပ်တွေက ဥပဒေနဲ့ ညိစွန်းမှုရှိမရှိ မသေမချာဖြစ်နေသေးတာဟာ မစ္စက်ကလင်တန်ရဲ့ မဲဆွယ်လှုပ်ရှားမှုတွေကို အရိပ်ထိုးနေခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေကြားမှာလည်း သူ့ကို ဘယ်လောက်ယုံရမလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာခဲ့ပါတယ်။

ဗားမောင့်ဆီးနိတ်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပါတယ်။ မစ္စတာဆန်းဒါးစ်ဟာ အများက မထင်မှတ်ထားခဲ့ပေမယ့် လူအများထောက်ခံမှုကို ရခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ တောင်ပိုင်းပြည်နယ်တွေရဲ့ မဲအများစုနဲ့ ဟီလာရီကလင်တန်ဟာ ပါတီရဲ့ သမ္မတလောင်း ဖြစ်လာခဲ့ပါတယ်။

ပထမဆုံး အမျိုးသမီး သမ္မတလောင်း

ဟီလာရီကလင်တန်ဟာ အဓိကပါတီကြီး တစ်ခုရဲ့ ပထမဆုံးသော အမျိုးသမီး သမ္မတလောင်းအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ပါပြီ။ ဒီမိုကရက်တစ်ပါတီညီလာခံမှာ သူ မိန့်ခွန်းပေးပြီးတဲ့နောက်မှာတော့ လူထုစစ်တမ်းတွေမှာ သူ့ကို ထောက်ခံသူတွေ တက်လာပါတယ်။

ဒါပေမယ့် ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ပြိုင်ဆိုင်မှုကတော့ အကြိတ်အနယ် အပြင်းအထန်ဖြစ်နေပါတယ်။ စက်တင်ဘာလထဲမှာ မစ္စက်ကလင်တန်က ထရမ့်ကိုထောက်ခံသူတွေထဲက တစ်ဝက်လောက်ဟာ စက်ဆုပ်ရွံရှာစရာတွေလို့ ပြောလိုက်တဲ့အတွက် သူ့ကို ပြစ်တင်ရှုတ်ချသံတွေ ညံသွားပါတယ်။ မစ္စက်ကလင်တန်ကလည်း နောက်ပိုင်း အဲဒီအတွက်တောင်းပန်ခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့တဲ့ နှစ်ပတ်လည် စက်တင်ဘာလ ၁၁ ရက်နေ့ အခမ်းအနားကို တက်ရောက်နေတုန်းမှာ မစ္စက်ကလင်တန် ရုတ်တရက် နေမကောင်းဖြစ်ခဲ့ပါတယ်။ သူ့ အောင်နိုင်ရေးလှုပ်ရှားမှုအဖွဲ့ကတော့ မစ္စက်ကလင်တန် နျူမိုးနီးယား အဆုတ်အအေးမိ ဝေဒနာခံစားနေရတယ်လို့ ထုတ်ပြန်ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ သုံးကြိမ် စကားစစ်ထိုးပွဲတွေ သုံးကြိမ် လုပ်ခဲ့ပြီး မစ္စက်ကလင်တန် နည်းနည်းအသာရတယ်လို့ သုံးသပ်သူတွေက ဆိုကြပေမယ့် ဒီ စကားစစ်ထိုးပွဲတွေဟာ ပြိုင်ဖက်နှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် အပြင်းအထန် ဝေဖန် အပုတ်ချခဲ့တဲ့ ပွဲတွေအဖြစ် မြင်ရပြီး နိုင်ငံရေးကို စိတ်ပျက်စရာဖြစ်သွားစေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ခဲ့ပါတယ်။

ဒီနှစ်ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းလောင်း နှစ်ဦးစလုံးဟာ အမေရိကန်သမိုင်းမှာ လူကြိုက်အနည်းဆုံး သမ္မတလောင်းတွေဖြစ်ကြတယ်လို့တော့ စစ်တမ်းတွေက ဖော်ပြနေကြပါတယ်။