အီတလီ ငလျင်၊ လူတစ်သောင်းခွဲ အိုးအိမ်မဲ့

  • 31 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ယာယီ အမိုးအကာနဲ့ နေနေရသူပေါင်း အနည်းဆုံး တစ်သောင်းခွဲ ရှိ။

အီတလီနိုင်ငံမှာ ၁၉၈၀ နောက်ပိုင်း အားအပြင်းဆုံး ငလျင်တစ်ခု တနင်္ဂနွေနေ့က ထပ်မံ လှုပ်ခတ်သွားခဲ့ရာမှာ ငလျင်ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူပေါင်း အနည်းဆုံး တစ်သောင်းခွဲ ရှိပြီး၊ သူတို့ကို ယာယီ အမိုးအကာတွေ ပေးထားရတယ်လို့ အရပ်ဘက် ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။

တနင်္ဂနွေနေ့ လှုပ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ရစ်ချ်တာ စကေး ၆.၆ ရှိခဲ့ပြီး၊ သြဂုတ်လက စလို့ နှစ်လအတွင်း အီတလီ အလယ်ပိုင်းမှာ လေးကြိမ်မြောက် လှုပ်ခဲ့တဲ့ ငလျင်လည်း ဖြစ်ပါတယ်။ သြဂုတ်လမှာ လှုပ်ခဲ့တဲ့ ပထမ ငလျင်မှာတော့ သေဆုံးသူ ၃၀၀ နီးပါး ရှိခဲ့ပါတယ်။

အခု တနင်္ဂနွေနေ့ ငလျင်ကြောင့် သေဆုံးသူ မရှိခဲ့ပေမယ့် လူ ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ နော်ချာမြို့ အနီးတဝိုက်က ပျက်စီးမှုတွေက အဆိုးရွားဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်သင့် ဒေသက အရေးပေါ် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် အစိုးရအဖွဲ့ အစည်းအဝေးကို ဒီကနေ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ် က ကမကထပြု ဆွေးနွေးဖို့ ရှိပါတယ်။

တနင်္ဂနွေနေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် အီတလီ အလယ်ပိုင်း တောင်ထူထပ်တဲ့ ဒေသမှာ ရှိတဲ့ မြို့ရွာ အတော်များများက အဆောက်အအုံတွေ ပြိုကျ ပျက်စီး ယိုင်နဲ့ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ