မဲရလဒ် ပြောင်းအောင် FBI က လုပ်တယ်လို့ အိုဘားမား မယုံကြည်

  • 1 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption FBI ဒါရိုက်တာ က ထုတ်ဖော် ပြောကြားမှု ကို ဒီမိုကရက်တစ် ပါတီ ထိပ်တန်း ခေါင်းဆောင်တွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲ ရလဒ် တွေ ပြောင်းလဲ ထွက် ပေါ် လာအောင် FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမီ က ကြိုးစားတယ် ဆိုတဲ့ အချက် ကို သမ္မတ အိုဘားမား အနေနဲ့ မယုံကြည်ဘူး လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ က ပြောပါတယ်။

သမ္မတလောင်း တစ်ယောက် ယောက်ကို FBI ဒါရိုက်တာ တစ်ယောက် အနေနဲ့ လျို့ဝှက် ထောက်ခံ နေတယ် ဆိုတာကိုလည်း သမ္မတ ကို မယုံကြည် ဘူးလို့ အိမ်ဖြူတော် ပြောခွင့် ရ ပုဂ္ဂိုလ် က ပြောကြားခဲ့ပါတယ်။

ဒါဟာ အမေရိကန် သမ္မတ ရွေးချယ်ပွဲ နီးကပ်လာတဲ့ အချိန်မှာ လူတွေ ပြင်းပြင်းထန်ထန် ငြင်းခုံ နေကြတဲ့ အကြောင်း အရာတွေ ထဲကို အိမ်ဖြူတော်က ဝင်ရောက် ပြောဆို လာတာလည်း ဖြစ်ပါတယ်။

ဟီလာရီ ကလင်တန် ရဲ့ ကိုယ်ပိုင် အီးမေးလ် ဆာဗာ အသုံးပြု ခဲ့မှုကို ပြန်လည် စစ်ဆေး မယ်လို့ FBI ဒါရိုက်တာ က ထုတ်ဖော် ပြောကြားမှု ကို ဒီမိုကရက်တစ် ပါတီ ထိပ်တန်း ခေါင်းဆောင်တွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ခဲ့ကြပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဟာ တပတ် ပဲ လိုတော့ တဲ့ အချိန် မှာ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦး ဟာ လည်း ဘယ်သူ့ ကို မဲ ပေးရမှန်း ဝေခွဲလို့ မရသေး တဲ့ မဲဆန္ဒရှင် တွေ ဆီ က မဲရအောင် အပြိုင်အဆိုင် မဲဆွယ်နေကြပါတယ်။

ရီပတ်ဘလီကန် တွေ အင်အားကောင်းတဲ့ အိုဟိုင်းရိုး ပြည်နယ် ဘက် မဲဆွယ်နေတဲ့ ဒီမိုကရက် သမ္မတ လောင်း ဟီလာရီ ကလင်တန် က ဆိုရင် သူ့ အပေါ် မှာ လတ်တလော အရိပ်မိုးနေတဲ့ အီးမေးလ် အလွဲသုံးမှု ကို အက်ဖ်ဘီအိုင် က ပြန်လည် စစ်ဆေးတာ နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

မဲဆန္ဒရှင် အများစု ဟာ အခု အသစ်တဖန် ပြန်ထွက်လာတဲ့ အီးမေးလ် ကိစ္စ ကို အက်ဖ်ဘီအိုင် က ရွေးကောက်ပွဲ ရက်ပိုင်း အလိုမှာ ပြန်စစ်မယ် လို့ ပြောခြင်းဟာ အမှားအယွင်း တစုံတရာ မတွေ့ခဲ့ပါဘူး လို့ပြောပြီးမှ ပြန်ဖေါ်နေ လို့ မဲဆန္ဒရှင် အများစု အနေနဲ့ မေးခွန်းထုတ်စရာ ဖြစ်လာ ခဲ့ပါတယ်။

မဲဆွယ် စည်းရုံး ပွဲ တစ်ခုမှာတော့ ဟီလာရီ ကလင်တန်က သူ့ အနေနဲ့ အမှား လုပ်ခဲ့မိတယ် ဒါ ကို နောင်တ ရပါတယ် လို့ လည်း ပြောခဲ့ပါတယ်။

ဒါပေမယ့် သူ့ ရဲ့ ဝန်ထမ်း တဦးရဲ့ အီးမေးလ် တွေ က တဆင့် ပျောက်ဆုံးနေတဲ့ အီးမေးတွေ ပြန်စစ်မယ် ဆိုတဲ့ အသံ ထွက်လာ လို့ ကတော့ မမှုဘူးလို့ ပြောပါတယ်။

နောက် ထပ် စစ်ဆေး ရင်လည်း အီးမေးလ် တွေ ပေါက် ကြား စရာ မရှိဘူးဆိုတဲ့ အဖြေ မျိုးပဲ ထွက်မှာပါလို့ ပြောကြား ခဲ့ပါတယ်။

ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် ကတော့ မစ်ရှီဂန် မဲဆွယ်ပွဲမှာ အက်ဖ်ဘီအိုင် ကို အောင်မှတ် အပြည့် ပေးခဲ့ပါတယ်။

ထောက်လှမ်းရေး ဗျူရို ညွှန်ကြားရေးမှူး ဂျိမ်းစ် ကိုမီ အနေနဲ့ ဂုဏ်သိက္ခာ ကိုပြန် ဆည်တဲ့ အနေနဲ့ ပျောက်ဆုံးနေတဲ့ မစ္စက် ကလင်တန် ရဲ့ အီးမေး တွေ ကို ပြန်ဖေါ်ထုတ် စစ်ဆေးမယ် လို့ ဆိုခြင်းဟာ တော်ရုံ သတ္တိရှိရုံ နဲ့ မရဘူး။ အများ က သူ့ ကို အမှားအယွင်းဖြစ်အောင် လုပ်နေပေမဲ့ သူဟာ မှန်တာ ကိုပဲ ဖေါ်ထုတ်မှာပါ လို့ ပြောခဲ့ပါတယ်။

အခုလို အပြန်အလှန် ပြဿနာတက်နေရခြင်း ကတော့ မစ္စက်ကလင်တန် ဟာ သူ နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင်စဉ် ၂၀၀၉ ကနေ ၂၀၁၃ ခုနှစ် အတွင်းမှာ လိုက်နာရမဲ့ စည်းမျဉ်း ကို ချိုးဖေါက်ပြီး ကိုယ်ပိုင် အီးမေး ဆာဗာ အသုံးပြုခဲ့ တဲ့ အတွက် အစိုးရ ရဲ့ လျှို့ဝှက်အီးမေးတွေ ပါ ပေါက်ကြားနိုင်တဲ့ အမှု ကြောင့် ဖြစ်တဲ့ အကြောင်း ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် ဂျွန်ဆိုပဲလ် က သတင်းပို့ လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ