၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အဖြာဖြာ

  • 1 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် ရွေးကောက်ပွဲ မဲပေးနေကြပုံ

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှာ တက်လာတော့မယ့် အမေရိကန် သမ္မတသစ် ရွေးကောက်ပွဲအတွက် ရေကုန်ရေခမ်း မဲဆွယ် စည်းရုံးနေကြပါပြီ။ အမေရိကန်မှာ သမ္မတသစ် တယောက်တင်တာဟာ နိုင်ငံ အကြီးအကဲ အနေနဲ့သာ မကဘဲ ကမ္ဘာ့အကြီးဆုံး စစ်တပ်ကြီးရဲ့ စစ်သေနာပတိချုပ်ကိုပါ ရွေးချယ် ရတာမို့ ကြီးလေးတဲ့ တာဝန် တရပ်လည်း ဖြစ်ပါတယ်။

ဘယ်လိုများ ရွေးချယ် တင်မြှောက် ကြပါသလဲ။


ဘယ်သူ သမ္မတ ဖြစ်နိုင်သလဲ

အမေရိကန် သမ္မတ ဖြစ်ဖို့ အမေရိကန်မှာ မွေးတဲ့ နိုင်ငံသား ဖြစ်ရပါမယ်။ အနည်းဆုံး ၃၅ နှစ် ရှိပြီး နိုင်ငံမှာ နေထိုင်တာ ၁၄ နှစ် ရှိရပါ့မယ်။

၁၉၃၃ ခုနှစ် နောက်ပိုင်း အမေရိကန် သမ္မတ တော်တော်များများက ပြည်နယ် အုပ်ချုပ်ရေးမှူး၊ အထက် လွှတ်တော်အမတ် ဒါမှမဟုတ် ကြယ် ၅ ပွင့်အဆင့် ဗိုလ်ချုပ်ကြီးတွေ ဖြစ်ကြပါတယ်။

ဒီ နှစ် ရွေးကောက်ပွဲမှာတော့ ပြည်နယ် အုပ်ချုပ်ရေးမှူး အဆင့် ၁ဝ ယောက်၊ အထက် လွှတ်တော်အမတ် ၁ဝ ယောက် ဝင်ပြိုင် ခဲ့ကြပြီး အများစုက ပြုတ်ကျန် နေရစ်ခဲ့ကြပါတယ်။

ဒီလို ယှဉ်ပြိုင်နိုင်ဖို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီတွေက တယောက်စီ သမ္မတလောင်း စာရင်း တင်သွင်းရပါတယ်။


ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကတ်တီကေး ရှင်းပြတဲ့ သမ္မတလောင်း ရွေးချယ်ပုံ အဆင့်ဆင့်

ပြည်နယ်တိုင်းမှာ နောက်ပြီး ပြည်ပက အမေရိကန် ပိုင်နက်တွေမှာပါ ဖေဖော်ဝါရီလက စပြီး ပဏာမ ရွေးကောက်ပွဲတွေ ဆက်တိုက် လုပ်ပါတယ်။ အဲဒီကနေ ပါတီ တခုချင်းရဲ့ တရားဝင် သမ္မတလောင်းကို ရွေးချယ်ရမှာပါ။

ဇူလိုင်မှာ ကျင်းပတဲ့ ပါတီ ညီလာခံတွေမှာ သမ္မတလောင်း အဖြစ် အတည်ပြု ခံရအောင် ဒီပြည်နယ်တွေမှာ နိုင်တဲ့ သူတွေက ကိုယ်စားလှယ်မဲတွေ စုစည်းရပါတယ်။

ဒါကြောင့် ပြည်နယ် ပဏာမ ရွေးကောက်ပွဲတွေမှာ များများ နိုင်တဲ့သူတွေက သူတို့ကို ပါတီ ညီလာခံမှာ ထောက်ခံမယ့် ကိုယ်စားလှယ်မဲတွေ ပိုရတာ ဖြစ်ပါတယ်။

ဒီမိုကရက် ပါတီက ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလစ်ကန်က ဒေါ်နယ် ထရမ့်တို့ဟာ ၂ဝ၁၆ ရွေးကောက်ပွဲ အတွက် ပြတ်ပြတ်သားသား နိုင်တဲ့ သမ္မတလောင်းတွေ ဖြစ်လာကြပြီး ဇူလိုင်မှာ ကျင်းပတဲ့ ပါတီ ညီလာခံ တွေမှာ တရားဝင် စာရင်းတင်သွင်း ခံကြရပါတယ်။

သူတို့ ၂ ယောက်စလုံး ခေတ်သစ် အမေရိကန် သမိုင်းမှာ လူကြိုက် အနည်းဆုံး သမ္မတလောင်းတွေ ဖြစ်လာပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကလင်တန်နဲ့ ထရမ့် ၂ ယောက်လုံး ဘာကြောင့် လူကြိုက်မများကြသလဲ

ဒီညီလာခံမှာပဲ ဒုတိယ သမ္မတလောင်းတွေ အဖြစ် ရွေးချယ် ထားသူတွေကို ကြေညာ ခဲ့ကြပါတယ်။

ဒီမိုကရက်ပါတီက ဗာဂျင်းနီးယား ပြည်နယ် က အထက်လွှတ်တော်အမတ် တင်မ်ကိန်း ကို ရွေးချယ်ပြီး ရီပတ်ဘလစ်ကန် ပါတီက အင်ဒီယားနား ပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ပန့်စ်ကို ရွေးချယ် ခဲ့ပါတယ်။


မဲဆွယ်ပွဲမှာ အဓိက ပြောဆိုတဲ့ အကြောင်းတွေ

အဓိကက ဒေါ်နယ် ထရမ့်ရဲ့ စည်းလွတ်ဝါးလွတ် ပြောတဲ့ စကားတွေနောက် လိုက်ပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ဝေဖန် ပြောဆို ခဲ့ကြပါတယ်။

သူ့ကနဦး မဲဆွယ်ပွဲတွေမှာတင် မက္ကဆီကိုက ဝင်လာသူတွေကို ထရမ့်က မုဒိမ်းသမားတွေ၊ ရာဇဝတ်ကောင်တွေလို့ ခေါ်ပါတယ်။

သီတင်းပတ်တိုင်းလိုလို သူ့မဲဆွယ် စည်းရုံးရေး စကားတွေက ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။

တရားသူကြီး၊ မယ်စကြာဝဠာ၊ တီဗီ သတင်းကြေညာသူ၊ ကျဆုံးတဲ့ မွတ်ဆလင် စစ်သားရဲ့ မိသားစု ဒီလူတွေနဲ့ သူ အချီအချ စကားများခဲ့ပါတယ်။

၁၈ နှစ် လုံးလုံး အခွန် မပေးခဲ့ဘူး ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သူ့ အခွန်ပြေစာ တွေ ပြဖို့ ငြင်းဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ထရမ့်က သူ့ကိုယ်သူ ခုခံ ကာကွယ် ပြောကြား ခဲ့ပါတယ်။

ဟီလာရီ ကလင်တန်မှာလည်း အလားတူ စိန်ခေါ်ခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေကို လုံခြုံအောင် မထားနိုင်ဘူးလို့ စွပ်စွဲခံရမှုက သူ့သိက္ခာကို ထိခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ FBI က ဒီအမှုကို ဇူလိုင်လမှာ ပိတ်သိမ်းပြီး သူ့မှာ အမှားအယွင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကလင်တန် ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး ပြည်ပ ထည့်ဝင်မှုတွေကလည်း မေးခွန်းထုတ်စရာပါ။ သူ့ခင်ပွန်းသည် သမ္မတဟောင်း ဘီလ် ကလင်တန်နဲ့ ပတ်သက်ပြီး ဟီလာရီရဲ့ ပါဝင်ပတ်သက်ခဲ့မှု အပေါ်ကိုလည်း ထရမ့်က မီးမောင်းထိုးပြ ခဲ့ပါတယ်။ နောက် ဝီကီလိ ဝက်ဆိုက်က ဖွင့်ချတဲ့ အီးမေးလ်တွေ အရ သူ့မဲဆွယ် စည်းရုံးရေး အဖွဲ့တွေ အတွင်း ပြောဆိုတဲ့ စကားတွေက အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။


အောက်တိုဘာလ ဖြစ်ရပ်ကြီး ၂ ခု

အောက်တိုဘာလ ၇ ရက်နေ့မှာ ထွက်လာတဲ့ ဗီဒီယို တခုကြောင့် ထရမ့်ရဲ့ မဲဆွယ်မှုကို အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။၂ဝဝ၅ ခုနှစ်က ထွက်လာတဲ့ ဒီဗီဒီယိုမှာ မစ္စတာ ထရမ့်က အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ချိုးချိုးဖဲ့ဖဲ့ ပြောတဲ့ စကားတွေကို သူ့အသံနဲ့ ဖမ်းမိသား ပေါ်ထွက်လာတာပါ။ အဲဒီမှာ အုတ်အုတ်ကျက်ကျက်ဖြစ်ပြီး ထရမ့် အကြီးအကျယ် တောင်းပန်ခဲ့ရပါတယ်။ ဒီဗီဒီယိုမှာ ပြောခဲ့တဲ့ စကားတွေက သူ့အပေါ် ကိုယ်စားမပြုပါဘူး ဆိုပြီး ပြောခဲ့ရတာပါ။ ဒါပေမဲ့လည်း ရီပတ်ဘလစ်ကန် အတော်များများက သူ့ကို အကြီးအကျယ် ရှုတ်ချခဲ့ကြလို့ ပါတီတွင်းမှာ စစ်ဖြစ်သလို ဂယက်ရိုက်သွားပါတယ်။ ခုဆိုရင် အမျိုးသမီး ၆ ယောက်လောက်က ထရမ့်က သူတို့ကို မဟားဒယား လုပ်ပါတယ် ဆိုပြီး စွပ်စွဲတာ ခံနေရပါပြီ။ ဒါကိုလည်း သူက အလိမ်အညာ စကားတွေ အဖြစ် ပယ်ချ ခဲ့ပါတယ်။

နောက် ရွေးကောက်ပွဲ မစခင် ၁၁ ရက် အလိုမှာပဲ FBI ထောက်လှမ်းရေးကနေ မစ္စစ် ကလင်တန်ရဲ့ အီးမေးလ် စုံစမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုသက်ဆိုင်တဲ့ အီးမေးလ်တွေ တွေ့လာရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒီအီးမေးလ်တွေကို သူ့ရဲ့ အရင်းနှီးဆုံး အကြံပေး တယောက်နဲ့ ခင်ပွန်းဟောင်း တယောက် လပ်တော့ကွန်ပျူတာမှာ သွားတွေ့တာပါ။ ဒီလူက ၁၅ နှစ် အရွယ် မိန်းကလေးတယောက်ဆီကို ညစ်ညမ်းတဲ့ ဖုန်းမက်ဆေ့ချ်တွေ ပို့တာကို ရဲက စုံစမ်းရင်း ဒီကိစ္စက ထွက်လာတာပါ။ အခု FBI က ဒါတွေကို ကြည့်ပြီး အရေးကြီးတဲ့ လုံခြုံရေး လျှို့ဝှက်ရမယ့် အချက်တွေ ပါသလား စစ်ဆေး နေပါတယ်။


ဆန္ဒခံယူမှု စစ်တမ်းတွေအရ

Who is ahead in the polls?

Headshot of Hillary Clinton

48%

Hillary Clinton

Headshot of Donald Trump

44%

Donald Trump

စကားစစ်ထိုးပွဲမှာ ဘယ်သူတွေ နိုင်သလဲ

ပထမ ပွဲ။ထရမ့်က ကလင်တန် ကို ကုန်သွယ်ရေး သဘောတူညီမှု ဆိုင်ရာတွေ၊ နောက် သူမရဲ့ အီးမေးလ် ကိစ္စတွေနဲ့ အရှေ့အလယ်ပိုင်း ကိစ္စ တွေနဲ့ ပတ်သက်ပြီး အရင်ဆုံး ဖိနှိပ်နိုင်ခဲ့ပါတယ်။ မစ္စစ် ကလင်တန်ဟာ အနှစ် ၃ဝ ကြာ နိုင်ငံရေး သက်တမ်းအတွင်း ဘာအောင်မြင်မှု မရခဲ့တဲ့ နိုင်ငံရေး အတွင်းစည်းထဲကလူလို့ ဖြစ်အောင် သူက ပုံဖော်ခဲ့တာပါ။ ဒါပေမဲ့လည်း ကလင်တန်က သူ့ကိုယ်သူ ပြန်ထိန်းပြီး ထရမ့်ကို တည်ငြိမ်မှု ပျက်အောင် ပြန်ချေဖျက် ခဲ့ပါတယ်။

ဒုတိယပွဲ။ ဒီပွဲကို တော့အမေရိကန် သမ္မတလောင်း စစ်ထိုးပွဲတွေထဲမှာ အညစ်ပတ်ဆုံး ပွဲလို့ ခေါ်ပါတယ်။ အပြန်အလှန် သိက္ခာချ ပုတ်ခတ်တာတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ မစ္စစ်ကလင်တန်က မစ္စတာ ထရမ့်ရဲ့ ၂ဝဝ၅ ခုနှစ်က ဗီဒီယိုခွေမှာပါတဲ့ အမျိုးသမီးတွေအပေါ် ပုတ်ခတ်တဲ့ စကားတွေနဲ့ ပတ်သက်ပြီး ထိုးနှက်ပါတယ်။ ထရမ့်ဘက်ကလည်း ဘီလ်ကလင်တန်ကို လိင်မှုကိစ္စတွေနဲ့ စွပ်စွဲသူတယောက်ကို ပွဲထုတ်ပြီး စင်ပေါ်မှာ ဒါတွေကို အသားပေး ပြောပါတယ်။ ဟီလာရီ နိုင်ငံခြားရေး ဝန်ကြီးဘဝက ကိုယ်ရေးကိုယ်တာ အီးမေးလ်ကနေ အစိုးရ ကိစ္စအတွက် သုံးတဲ့ အတွက် သူ့ကို ထောင်ချရမယ်လို့လည်း ထရမ့်က ဆိုပေမယ့်လည်း ဟီလာရီကို အလဲမထိုးနိုင်ဘဲ သရေဖြစ်သွားခဲ့ပါတယ်။

တတိယပွဲ။ကြားက ခုံအဖြစ် ထိုင်တဲ့ ခရစ် ဝေါလေ့စ်က ထရမ့်ကို ယ်သူနိုင်နိုင် ဘရွေးကောက်ပွဲ ရလဒ် အသိအမှတ်ပြုမလားလို့ မေးချိန်မှာ ထရမ့်က မပြုဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒါဟာ ရှုံးတဲ့သူက နိုင်တဲ့သူကို အသိအမှတ်ပြုပြီး ချီးကျူး ဂုဏ်ပြုရတဲ့ အမေရိကန် ရွေးကောက်ပွဲ ထုံးစံကို ဖီဆန် လိုက်တာပါပဲ။ ဒါတင်မက မစ္စတာ ထရမ့်က မီဒီယာတွေက လူတွေကို အဆိပ်ခတ်နေတယ်လို့ စွပ်စွဲပါတယ်။ မစ္စစ်ကလင်တန်ဟာ သမ္မတအဖြစ် အရွေးမခံသင့်တဲ့သူလို့လည်း ပြောပါတယ်။ ဒီမှာတင် ပွက်လောရိုက်ပြီး ရီပတ်ဘလစ်ကန်တွေအတွက် မျက်နှာပန်း မလှခဲ့ပြန်ပါဘူး။

ဒုသမ္မတလောင်းတွေပွဲ။ ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း ရဲ့ ပထမဆုံး လုပ်ရတဲ့ အလုပ်ကတော့ ထရမ့် ရဲ့ စကားစစ်ထိုးပွဲမှာ အခြေမလှ ဖြစ်ခဲ့တာကို ပြန်အဖတ်ဆည်ပြီး လူပြန်စုရတာပါ။ ဒါကို ထိုးနှက်ဖို့ ဒီမိုကရက် ဒုသမ္မတလောင်း မစ္စတာ ကိန်းက ကြိုးစားပေမယ့် ရီပတ်ဘလစ်ကန်က မစ္စတာ ပန့်စ် အနိုင်ရခဲ့ပါတယ်။


နိုဝင်ဘာမှာ ဘယ်လိုမဲပေးကြသလဲ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တချို့ ပြည်နယ်တွေက ဘာကြောင့် ပိုအရေးကြီးသလဲ

နိုဝင်ဘာလ ၈ ရက် အင်္ဂါနေ့မှာ သမ္မတသစ်ကို မဲပေး ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

ပြည်နယ်တခုစီမှာ မဲအများဆုံး ရသူက အဲဒီ ပြည်နယ်က ထောက်ခံတဲ့ သမ္မတလောင်း ဖြစ်လာပါတယ်။

ဒီမဲတွေ အားလုံးက ရွေးချယ်ရေး ကောလိပ်ဆိုတဲ့ အဖွဲ့ကို ရောက်ပါတယ်။ ဒီမှာရှိတဲ့ အဖွဲ့ဝင် ၅၃၈ ယောက်ကနေ သမ္မတကို ရွေးချယ် ရတာပါ။ ဒီမှာ ရှိတဲ့ထဲက တဝက်ဖြစ်တဲ့ လူ ၂၇ဝ ထောက်ခံတာနဲ့ သမ္မတ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ ပြည်နယ် အားလုံး တန်းတူညီတူ ရှိတာတော့ မဟုတ်ပါဘူး။ ဥပမာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ လူဦးရေက ကွန်နတ်တီကပ် ပြည်နယ်ထက် ၁ဝ ဆ များပါတယ်။ ဒါကြောင့် သူတို့ရတဲ့ ကိုယ်စားလှယ် အရေအတွက်လည်း မတူပါဘူး။

ပြည်နယ်တိုင်းကနေ ရွေးချယ်ရေး အဖွဲ့ကို လူဦးရေ အချိုးကျ နဲ့ ကိုယ်စားလှယ်တွေ စေလွှတ်ရပါတယ်။ ပြည်နယ် တခုချင်းမှာ ရှိတဲ့ ခရိုင် အရေအတွက်နဲ့ ညီတဲ့ ကိုယ်စားလှယ်တွေရယ်၊ နောက်ထပ် အထက်လွှတ်တော် အမတ် ၂ ယောက်စီပါ စေလွှတ်ရတာပါ။

နိုင်ငံသားတွေက သူတို့ လိုချင်တဲ့ သမ္မတလောင်းကို မဲပေးတဲ့ အခါတိုင်း ဒီရွေးချယ်ရေး ကိုယ်စားလှယ် တွေကိုပါ မဲပေးရတာပါ။ တချို့ ကိုယ်စားလှယ်တွေက ဘယ်သမ္မတလောင်းကို ထောက်ခံမယ် ဆိုတာ တခါတည်း ကြေညာ ထားကြပါတယ်။

ဒီမှာ စိတ်ဝင်စားစရာက ပြည်နယ်တိုင်း လိုလိုမှာ ကိုယ်စားလှယ် နေရာ အများစု နိုင်တဲ့သူက ပြည်နယ်တခုလုံးမှာ နိုင်တာပါ။

ဥပမာ နယူးယော့ ပြည်နယ်မှာ ကိုယ်စားလှယ် အများစု နိုင်တဲ့သူက ပြည်နယ် တခုလုံး ရဲ့ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၂၉ မဲလုံးကို ရပါတယ်။

ဒီမဲ ၂၇ဝ စလုံးကို ရဖို့ ကြားမှာ ရှိတဲ့ မပြတ်မသား ပြည်နယ်တွေက အရေးကြီးဆုံး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

အရေးကြီးတဲ့ ပြည်နယ်တွေ

သမ္မတလောင်း ၂ ယောက် စလုံးက ပြည်နယ် အားလုံးမှာ နိုင်ပြီး ကိုယ်စားလှယ်မဲ ၂၇ဝ ရဖို့ ယှဉ်ပြိုင်ကြရပါတယ်။

ပါတီ ၂ ခုစလုံးက တချို့ ပြည်နယ်တွေကို သူတို့အပိုင်လို့ တွက်ထားကြပါတယ်။ ဒါကြောင့် ရီပတ်ဘလစ်ကန်တွေက တက္ကဆက်ကို သူတို့အိတ်ထဲက နယ်ဆိုပြီး ငွေအကုန်ခံပြီး မဲမဆွယ်ကြပါဘူး။ အလားတူပဲ ဒီမိုကရက်တွေကလည်း ကယ်လီဖိုးနီးယား ကို သူတို့အမာခံ နယ်လို့ အောက်မေ့ပါတယ်။

တခြား နယ်တွေကိုတော့ ကြားနယ်တွေ ဆိုပြီး အရေးကြီး စာရင်းမှာ ထားကြပါတယ်။

ဒီထဲမှာ ဖလော်ရီဒါက သူ့မဲ ၂၉ မဲနဲ့ ၂ဝဝဝ ပြည့်နှစ်တုန်းက သမ္မတ ဂျော့ ဒဗလျူ ဘုရှ် ကို အနိုင်ပေးခဲ့ဖူးပါတယ်။

အစက ပေါ်ပြူလာမဲမှာ နိုင်ငံနဲ့ချီပြီး ရှုံးနေတဲ့ ဂျော့ဘုရှ်က တရားရုံးချုပ် ဆုံးဖြတ်ချက်နဲ့ မှာ အနိုင်ရခဲ့ဖူးပါတယ်။

တခြား အရေးကြီးတဲ့ ပြည်နယ်တွေထဲမှာ အိုဟိုင်းယိုး၊ ဗာဂျင်းနီးယား၊ ကော်လိုရာဒို၊ မြောက်ကယ်ရိုလိုင်းနားနဲ့ နီဗားဒါး ပြည်နယ်တွေ ပါပါတယ်။


သမ္မတသစ် အလုပ်စဝင်တဲ့ အချိန်

အရွေးခံရတဲ့ သမ္မတသစ်ဟာ မဲပြတ်ပြတ်သားသား ရတယ်ဆိုရင် ရွေးကောက်ပွဲ ပြီးပြီးချင်း ရက်ပိုင်းနဲ့ သီတင်းပတ်တွေ အတွင်းမှာပဲ အစိုးရသစ်ကို ဖွဲ့ပြီး မူဝါဒပိုင်း ဆိုင်ရာတွေကို သေချာ အကောင်အထည် ဖော်လေ့ ရှိပါတယ်။

ဒီအချိန်မှာတော့ ရာထူးက ဆင်းပေးတော့မယ့် လက်ရှိ သမ္မတက သူ့ဂုဏ်သိက္ခာ အတွက် ခိုင်ခိုင်မာမာ ကျန်ရစ်အောင် ပြင်ဆင်ပြီး သူ့ပစ္စည်း ပစ္စယ တွေကို သိမ်းဆည်းပါတယ်။

အမေရိကန် ဖွဲ့စည်းပုံ ဥပဒေ အရ သမ္မတသစ်ဟာ ရွေးကောက်ပွဲ လုပ်ပြီး နောက်နှစ် ဇန်နဝါရီလ ၂ဝ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုရပါတယ်။