မိုဆိုးလ်မြို့ ဆင်ဖြေဖုံး အရပ်တွေမှာ အစိုးရတပ်နဲ့ IS အကြား တိုက်ပွဲ ပြင်းထန်

  • 2 နိုဝင်ဘာ 2016
Image caption IS လက်ဖြောင့် သေနတ်သမားတွေရဲ့ ရန်ကိုလည်း အီရတ် အစိုးရ တပ်ဖွဲ့ဝင်တွေ ကြုံတွေ့ ခဲ့ကြ

အီရတ်နိုင်ငံ မိုဆိုးလ်မြို့ ဆင်ဖြေဖုံး အရပ်တွေမှာ အစိုးရတပ်တွေဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေနဲ့ တိုက်ခိုက် နေပါတယ်။

ဒါဟာ IS တွေ လက်ထဲ မိုဆိုးလ် မြို့ ကျရောက် သွားရတဲ့ ၂ နှစ်ကျော် နောက်ပိုင်း အစိုးရ တပ်တွေ အနေနဲ့ မိုဆိုးလ် ပရိဝုဏ် ထဲ ပထမဆုံး အကြိမ် ပြန်လည် ဝင်ရောက် လာနိုင်တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက် အင်္ဂါနေ့ တနေ့လုံး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တာမှာ မြို့ကို ထိုးဖောက် နေကြတဲ့ တပ်တွေဟာ ရော့ကက်နဲ့ မော်တာ ကျည်တွေ၊ စက်သေနတ်တွေနဲ့ ခုခံတာကို ကြုံတွေ့ ခဲ့ကြရပါတယ်။

ဒါ့အပြင် မြို့ရဲ့ လမ်းတွေပေါ် ချီတက်နေခိုက်နဲ့ မြို့ အရှေ့ဘက် အစွန်က ရုပ်မြင်သံကြားလွှင့် အဆောက်အဦးကို ပြန်လည် သိမ်းပိုက်ခိုက် အချိန်တွေမှာ IS လက်ဖြောင့် သေနတ်သမားတွေရဲ့ ရန်ကိုလည်း အီရတ် အစိုးရ တပ်ဖွဲ့ဝင်တွေ ကြုံတွေ့ ခဲ့ကြ ရပါတယ်။

ဒီ အချိန်မှာပဲ၊ IS တွေဟာ အရပ်သားတွေကို စစ်ရေး အရ အရေးပါတဲ့ နေရာတွေ အနီး ပို့ဆောင် နေတဲ့ သတင်းတွေ ရရှိထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မိုဆိုးလ် တောင်ဘက်ပိုင်း မြို့က အရပ်သား နှစ်သောင်းခွဲကို မိုဆိုးလ်ထဲကို ခေါ်လာပြီး လူသားဒိုင်းတွေ အဖြစ် အသုံးချဖို့ အရေး IS တွေ ကြိုးစား နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒါပေမယ့် IS ရဲ့ လူသားဒိုင်း စီမံကိန်းကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေက အနှောင့်အယှက် အဟန့်အတား ပြုနိုင်ခဲ့တယ်လို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ