မိုဆူးလ် အရှေ့ပိုင်းမှာ အီရတ် တပ်တွေ နယ်မြေ ရှင်းလင်း

  • 2 နိုဝင်ဘာ 2016
Image caption အီရတ် သံချပ်ကာယာဉ်တွေ မြို့တွင်း ဝင်ရောက်စဉ်။

အီရတ် နိုင်ငံမှာ မိုဆူးလ်မြို့ထဲကို ဝင်ရောက်လာနိုင်တဲ့ အီရတ် တပ်ဖွဲ့တွေဟာ မြို့အရှေ့ပိုင်းမှာ လုံလုံခြုံခြုံ ခြေကုပ်ယူနိုင်ဖို့အတွက် IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို တစ်အိမ်တက်ဆင်း လိုက်လံ ရှင်းလင်းနေတယ်လို့ သိရပါတယ်။

အီရတ် တပ်ဖွဲ့တွေဟာ အင်္ဂါနေ့က မိုဆူးမြို့ အရှေ့ပိုင်း ဆင်ခြေဖုံးကို ဝင်ရောက် လာနိုင်ခဲ့ပြီးနောက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ရှေ့တိုး စစ်ဆင်မှုကို ရပ်နား ထားလိုက်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာပါ။

IS တွေရဲ့ ထောင်ချောက်တွေ၊ လျှို့ဝှက် ဥမင်တွေကနေ ခြုံခို တိုက်ခိုက်ခံရမယ့် အန္တရာယ်တွေကို စိုးရိမ်ရတဲ့အတွက် အီရတ် တပ်ဖွဲ့တွေ သတိနဲ့ လှုပ်ရှားနေရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မိုဆူးလ်မြို့ထဲက ၁.၂ သန်း ရှိတဲ့ အရပ်သားတွေ အတွက်လည်း အလွန် ကြီးမားတဲ့ အန္တရာယ် ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့အစည်း တစ်ခုက ပြောပါတယ်။

မိုဆူးလ်မြို့ကို ၂၀၁၄ ခုနှစ်က IS တွေ သိမ်းခဲ့ပြီး နောက်ပိုင်း ပထမဆုံး အဖြစ် အီရတ် အထူးတပ်တွေက မြို့အရှေ့ပိုင်း ဆင်ခြေဖုံး ဒေသကို အင်္ဂါနေ့က ဝင်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရာသီဥတု အခြေအနေကြောင့် မြင်ကွင်း မရှင်းတဲ့အတွက် မြို့ထဲ ဆက်တိုးမယ့် ထိုးစစ်ကို ရပ်ဆိုင်းထား လိုက်တယ်လို့ အီရတ် ဗိုလ်ချုပ် တစ်ယောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ