သူလျှို ကွန်ယက် အစ္စလာမ်မာဘတ် မှာ လှုပ်ရှားနေ

  • 4 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ပါကစ္စတန်က စွပ်စွဲသလို သူတို့ဖက်က သူလျှိုလုပ်မှု မရှိဘူးလို့ အိန္ဒိယ ငြင်းဆို

ပါကစ္စတန်က အိန္ဒိယ သူလျှို ကွန်ယက် အစ္စလာမ်မာဘတ် မှာ လှုပ်ရှားနေတာကို ဖော်ထုတ်လိုက်ပြီ လို့ ပါကစ္စတန် အာဏာပိုင်တွေ ဖက်က သတင်းတွေ ထုတ်ပေးလိုက်ပါတယ်။

အိန္ဒိယ အစိုးရ အရာရှိ ၈ ယောက်ကို ဓာတ်ပုံတွေနဲ့တကွ သတင်းမီဒီယာတွေ ကို ပေးလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယ ဘက်ကလည်း ပြီးခဲ့တဲ့သတင်းပတ်အတွင်းက ပါကစ္စတန် သံတမန်တယောက်ဖြစ်တဲ့ မာမွတ်အက်ခတာ ကို ဒေလီမှာ စပိုင်လို့စွပ်စွဲကာ ခဏ ဖမ်းထိန်းသိမ်းပြီး စစ်ဆေးခဲ့ကာ နောက်မကြာခင်ပဲ သူ့ကို အိန္ဒိယ က ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။

နောက်ရက်ပိုင်း အကြာမှာတော့ အိန္ဒိယ အစိုးရဘက်က မစ္စတာ အက်ခတာ က ပြောကြားထားတဲ့ တိတ်ခွေကို မီဒီယာ ကို ပြခဲ့ပြီးတော့ အဲဒီထဲမှာ သူဝန်ခံထားတဲ့ နောက်ထပ် ပါကစ္စတန် အရာရှိ ၄ယောက် ရှိသေးတဲ့အကြောင်း ဖွင့်ချခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဲလို စွပ်စွဲခံထိတဲ့ အဆင့်မြင့် ကော်မရှင် ရုံးက အရာရှိ ၄ ယောက် အပါအ၀င် စုစုပေါင်း အရာရှိ ၆ ယောက်ကို နိုင်ငံကို ပြန်လာဖို့ ပါကစ္စတန် က ညွှန်ကြားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေ နောက်ပိုင်း အခု အိန္ဒိယ စပိုင်တွေ ဖော်ထုတ်လိုက်ပြီဆိုတဲ့ ပါကစ္စတန် ဘက်က သတင်း ထွက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန ကတော့ အဲဒီ ပါကစ္စတန် က စွပ်စွဲထားတဲ့သူတို့လူတွေ ဟာ ၂ နိုင်ငံကြား စီးပွားရေး ကိစ္စတွေ ဆက်သွယ်ဆောင်ရွက်ဖို့အတွက် ရောက်နေတဲ့သူ တွေသာ ဖြစ်ပြီး အဲဒီ စပိုင်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ငြင်းပါတယ်။

တကယ်တော့ စက်တင်ဘာလ တုန်းက ကက်ရှ်မီးယား စစ်သွေးကြွတွေ အိန္ဒိယ စစ်သား ၁၉ ယောက်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်အကြား တင်းမာမှုတွေ က အရှိန်ပြန်တက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယ ဘက်က ဒါဟာ ပါကစ္စတန် ရဲ့ လက်ချက် ဖြစ်ပါတယ်လို့ စွပ်စွဲသလို ပါကစ္စတန် က သူတို့ နဲ့ဘာမှ မပတ်သက်ဘူးလို့ ဆိုပါတယ်။

ကက်ရှ်မီးယားအရေးနဲ့ပတ်သက်ပြီး ၂၀၀၃ ခုနှစ်ကတည်း က လုပ်ထားတဲ့အပစ်အခတ် ရပ်စဲရေး ကို သူက စဖောက်တယ် ငါက စဖောက်တယ် ဆိုတာကို ငြင်းခုံနေတာတွေ က အခု သီတင်းပတ် တွေအတွင်း စဖြစ်လာပြီးတဲ့နောက် နောက်ဆုံးဖြစ်လာတဲ့ ၂ နိုင်ငံကြားတင်းမာမှုတွေထဲက တခု ဖြစ်ပါတယ်။

အခု ပါကစ္စတန် က သူလျှိုလို့စွပ်စွဲထားတဲ့ အရာရှိ ၈ယောက်ကို အိန္ဒိယ က သူ့ဘာသူ နိုင်ငံကို ပြန်ခေါ်မလား၊ ဒါမှမဟုတ် ပါကစ္စတန် က နှင်ထုတ် တဲ့ အထိ အိန္ဒိယ ကစောင့်မှာလား ဆိုတာ ကို အများက စိတ်ဝင်တစား ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ