အိုင်အက်စ် စစ်သွေးကြွတွေဟာ ကြမ်းတမ်း ရက်စက်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေ

  • 5 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မိုဆူးလ် အရှေ့ပိုင်းမှာ အိုင်အက်စ် တပ်တွေ လက်က ပြေးလာတဲ့ ကလေးကို အီရတ်တပ်တွေ ကယ်ထုတ်နေ

အီရတ်နိုင်ငံ မိုဆူးလ်မြို့တဝိုက်မှာ အစိုးရတပ်တွေကို ပြန်လည် ခုခံရင်း အိုင်အက်စ် စစ်သွေးကြွတွေဟာ ကြမ်းတမ်း ရက်စက်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

အိုင်အက်စ် တိုက်ခိုက်ရေး သမားတွေဟာ တပ်ထဲက ထွက်ပြေးနေကြပြီး အရပ်သားတွေကိုလည်း အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့တယ် ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဆင့်မြင့် ကော်မရှင် ရုံးက Ravina Shamdasani က ပြောပါတယ်။

မိသားစုထဲမှာ ကိုးနှစ်သား အရွယ် လူငယ် ကလေးတွေ ရှိရင် အိုင်အက်စ် စစ်သွေးကြွေတွေ လက်ထဲအပ်ရပြီး ဒီကလေးတွေကို တိုက်ခိုက်ရေးမှာ အသုံးချနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

တချိန်တည်းမှာ အီရတ် အစိုးရ တပ်တွေကလည်း မိုဆူးလ်မြို့ ဆင်ခြေဖုံး အတွင်းပိုင်း အထိ တိုက်ခိုက် သိမ်းပိုက်လာနေပြီ ဖြစ်ပါတယ်။

အီရတ် အထူး တပ်ဖွဲ့တွေနဲ့ နိုင်ငံ အရှေ့ပိုင်း စစ်မြေပြင်ကို လိုက်ပါခဲ့တဲ့ ဘီဘီစီ သတင်းထောက် အပြောအရ အစိုးရ တပ်တွေဟာ အိုင်အက်စ် တပ်တွေ နေရာယူထားရာ တဝိုက်ကို ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ကာ လမ်းတလျှောက်မှာလည်း ဂျီဟတ် ဝါဒီတွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။