အမေရိကန် ဘယ်ပြည်နယ် တွေက သမ္မတ အရွေးမှားခဲ့ကြလဲ

  • 6 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရွေးကောက်ပွဲတွေမှာ အီလီနွိုင်း ပါဝင်မဲပေးခဲ့တာ အကြိမ်ပိုနည်းပေမယ့် ၄၉ ကြိမ်မှာ ၄၁ ကြိမ် အနိုင်ရတဲ့ သမ္မတကို ရွေးခဲ့

အမေရိကန်သမ္မတရွေးပွဲမှာ ဘယ်ပြည်နယ်တွေက ရှုံးသွားတဲ့ သမ္မတလောင်းကို အများဆုံး မဲပေးရွေးခဲ့ကြသလဲ (ဒါမှမဟုတ်) ဘယ်ပြည်နယ်တွေက အများဆုံးအရွေးမှားခဲ့ကြသလဲ။

အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ တချို့ပြည်နယ်တွေက အနိုင်ရသွားတဲ့ သမ္မတလောင်းကိုပဲ အစဉ်တစိုက် ရွေးချယ်ပေးခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

သမ္မတဖြစ်လာမယ့်သူကိုပဲ အများဆုံးမဲပေးရွေးချယ်ခဲ့တဲ့ ပြည်နယ်ကတော့ အိုဟိုင်းယိုးပါ။ အိုဟိုင်းယိုးမှာ နိုင်ခဲ့တဲ့ သူဟာ သမ္မတဖြစ်လာတာ ၄၄ ကြိမ် ရှိခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ကနေ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအထိ ၁၃ ကြိမ်ဆက်တိုက် မှန်အောင်ရွေးနိုင်ခဲ့တာတွေ့ရပါတယ်။

အိုဟိုင်းယိုးလိုပဲ အရွေးမှန်ခဲ့တဲ့ နောက်ပြည်တစ်ခုက အီလီနွိုင်းပါ။ သူက အရွေးမှန်တဲ့ရာခိုင်နှုန်းတောင် ပိုများပါတယ်။ ရွေးကောက်ပွဲတွေမှာ အီလီနွိုင်း ပါဝင်မဲပေးခဲ့တာ အကြိမ်ပိုနည်းပေမယ့် ၄၉ ကြိမ်မှာ ၄၁ ကြိမ် အနိုင်ရတဲ့ သမ္မတကို ရွေးခဲ့ပါတယ်။

နယူးမက္ကဆီကိုမှာလည်း ရွေးကောက်ပွဲ လုပ်ခဲ့တဲ့၂၆ ကြိမ်မှာ ၂၄ ကြိမ်က အနိုင်ရသွားတဲ့ သမ္မတကို ရွေးပေးခဲ့ပါတယ်။ (နယူးမက္ကဆီကိုဟာ ၁၉၁၂ အထိ ပြည်နယ်မဖြစ်သေးပါဘူး)

အဲဒီပြည်နယ်တွေကို အင်္ဂလိပ်လို bellwether ပြည်နယ်တွေလို့ ခေါ်ပါတယ်။ ရှေ့ဆောင်လမ်းပြတွေဆိုတဲ့ အဓိပ္ဗါယ်ပါ။ ဒီပြည်နယ်တွေက ရွေးတဲ့သူ သမ္မတဖြစ်လာလေ့ရှိတယ်ဆိုတဲ့ သဘောပါ။ (bellwether ဆိုတာက သိုးအုပ်မှာ ခေါင်းလောင်းတပ်ထားတဲ့ ရှေ့ဆုံးက သိုးကို ခေါ်တာပါ၊ သူသွားတဲ့နောက် ကျန်တဲ့ သိုးအုပ်က လိုက်လေ့ရှိပါတယ်။)

ဒါက အရွေးမှန်တယ်ဆိုတဲ့ ပြည်နယ်တွေပါ။ အမြဲလို အရွေးမှားသွားတတ်တဲ့ ပြည်နယ်တွေလည်း ရှိပါတယ်။

တကယ်တန်းဆို ရာခိုင်နှုန်းအရ အများဆုံးအရွေးမှားခဲ့တာက မြို့တော်ဝါရှင်တန်ရှိရာ ကိုလံဘီယာဒိစတြိတ် (District of Columbia) ပါ။ အနိုင်ရသမ္မတကို ရွေးကောက်ပွဲ ၁၃ ကြိမ်မှာ ၆ ကြိမ်ပဲ မှန်အောင်ရွေးခဲ့ပါတယ်။

အများဆုံးအရွေးမှားတာက ဂျော်ဂျီယာပါ။ ၅၆ ကြိမ်မှာ ၂၄ ကြိမ်ပဲ မှန်ပါတယ်။ အလာဘားမားကတော့ ၄၈ ကြိမ်မှာ ၂၄ ကြိမ်ပဲ မှန်အောင်ရွေးခဲ့ပါတယ်။

မစ္စစ္စပီလည်း အရွေးမှားတာ များခဲ့တဲ့ ပြည်နယ်တစ်ခုပါ။

ဒီတောင်ပိုင်းပြည်နယ်တွေဟာ ၂၀ ရာစု အစက တစ်နိုင်ငံလုံးက ရီပတ်ဘလီကန် ဖြစ်နေချိန်မှာ ဒီမိုကရက်တွေကို တစိုက်မတ်မတ်ထောက်ခံခဲ့ပါတယ်။

ရာစုနှစ်လယ်ရောက်လာတော့ ပြည်နယ်အများစုက ရီပတ်ဘလီကန်ဖြစ်လာချိန်မှာ ဒီပြည်နယ်တွေကတော့ ရွေးကောက်ပွဲမှာ မနိုင်နိုင်တဲ့ တသီးပုဂ္ဂလသမ္မတလောင်းတွေကို ထောက်ခံ နေခဲ့ပြန်ပါတယ်။

ဒါကြောင့် အစဉ်အလာအတိုင်းကြည့်မယ်ဆိုရင် ဒီနှစ် အနိုင်ရမယ့် သမ္မတလောင်းကို ရွေးပေးနိုင်မယ့် ပြည်နယ်တွေဟာ အစောက ပြောခဲ့တဲ့ တောင်ပိုင်းပြည်နယ်တွေဖြစ်ဖို့ နည်းပါတယ်။ အီလီနွိုင်း၊ အိုဟိုင်းယိုး နဲ့ နယူးမက္ကဆီကိုတို့က ရွေးတဲ့သူကတော့ အိမ်ဖြူတော်တံခါးကို ဖွင့်ရသူ ဖြစ်လာနိုင်ချေရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ