ထရမ့်ဘာကြောင့်နိုင်ခဲ့သလဲ

  • 9 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Chip Somodevilla
Image caption လူထုမဲဆွယ်ပွဲတစ်ခုမှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့် နိုင်သွားတာဟာ အမေရိကန်ရဲ့ သမိုင်း စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ် ။ အပြိုင်အဆိုင် အနိုင်ကြဲရတဲ့ ဒီရွေးကောက်ပွဲမှာ မစ္စတာ ထရမ့် ဘာကြောင့် အနိုင်ရခဲ့တာလဲ။

မစ္စတာ ထရမ့်ဟာ သီချင်းလည်း မဆိုတတ် ၊ တူရိယာလည်း မတီးတတ်ပေမယ့် သူဟာ သူပေးချင်တဲ့ စကားကို လူတွေ နားလည်အောင် ပြောနိုင် ၊ မဲဆန္ဒရှင်တွေနဲ့ နှလုံးသားချင်း နီးတယ်လို့ ဆိုနိုင်သူ ဖြစ်တယ်လို့ နာမယ်ကျော် အဆိုတော် Sir Elton John က ပြောဖူးပါတယ်။

တိုင်းပြည်မှာ Blue Collar လို့ခေါ်တဲ့ အလုပ်လုပ်တဲ့ လူတန်းစားတွေက နိုင်ငံရေး သမားတွေဟာ သူတို့ရဲ့ အသံတွေကို နားမထောင်ကြဘူး၊ သူတို့ဟာ အပယ်ခံ ဖြစ်နေတယ်လို့ ခံစားနေကြရပြီး အခု မစ္စတာ ထရမ့် က သူတို့ရဲ့ အခြေအနေကို အပြည့်အ၀ နားလည်လက်ခံပေးခဲ့တာကြောင့် အနိုင်ရခဲ့တာလို့ ဘီဘီစီရဲ့ မြောက်အမေရိကသတင်း အယ်ဒီတာ ဂျွန်ဆိုပယ်က သုံးသပ်ပါတယ်။

ဒါ့အပြင် လူတွေ စိုးရိမ်နေကြတဲ့ ကိစ္စတွေ ဖြစ်တဲ့ အပြင်ကလူတွေ ဝင်လာနေတဲ့ ပြဿနာ ၊ အငြင်းပွားနေရတဲ့ ကုန်သွယ်ရေး စာချုပ်တွေ နဲ့ ဒီမိုကရက်တွေက သေနတ်ကိုင်ဆောင်ခွင့် ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ ကိစ္စမှာ မစ္စတာ ထရမ့်က အလေးထား စဉ်းစားပေးခဲ့ပြီး တရားလွှတ်တော်ရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အရင်ကထက် အလယ်အလတ်ကျ ပျော့ပြောင်းလာအောင် လုပ်ဖို့ သူ့ရဲ့ ပေါ်လစီတွေကို လူတွေက လက်ခံတာ တွေ့ရပါတယ်။

အမေရိကန်က နိုင်ငံရေး သမား အများစုက ဒေါ်နယ် ထရမ့်ကို ထောက်ခံသူတွေရဲ့ ခံစားချက် ကို လျော့တွက်ကြခဲ့ကြတာကြောင့် အခု အမေရိကန် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ အံ့သြဖွယ် ကောင်းလောက်အောင် မထင်မှတ်တာတွေဖြစ်လာခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ မစ္စတာ ထရမ့် ဟာ အစိုးရပိုင်းတာဝန် မယူခဲ့ဘူးသလို သူ့ပြောနေကျ အတိုင်း သူဟာ လေ့ကျင့်ထားတဲ့ နိုင်ငံရေး သမား တစ်ယောက်လည်း မဟုတ်၊ နိုင်ငံရေး နယ်ပယ်ထဲမှာ အတွေ့အကြုံ ရှိတဲ့သူလည်း မဟုတ်ပါဘူး။

လူထုက ယုံကြည်မှုပြ

ထူးခြားတာက သူ့ မဲဆွယ် စည်းရုံးပွဲတွေမှာ လူအများအပြား တက်ရောက် အားပေးကြတာကို ကြည့်ရင် ဒေါ်နယ် ထရမ့်ဟာ သူတို့ရင်ထဲက ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့်သူ ဖြစ်တယ်လို့ လူတွေက ယုံကြည်နေတာကိုပြနေပါတယ် ။

ဒါတွေက မစ္စတာ ထရမ့်ကို ခိုင်မာတဲ့ ယုံကြည်မှုတွေ ရရှိစေတဲ့ အချက် ဖြစ်ပြီး ဒီလို လစ်လျူခံနေရတဲ့ လူတန်းစားတွေရဲ့ လိုအင်တွေ ဖြည့်ဆည်းပေးဖို့ လိုနေတယ် ဆိုတဲ့အ ချက်ကို မဲဆွယ် စည်းရုံးရေး သမားတွေ ၊ လေ့လာ သုံးသပ်သူတွေ ၊ သတင်းသမားတွေက သူမြင်သလို မမြင်ခဲ့ကြပါဘူး ။ ဒါကြောင့် သမရိုးကျနည်းနဲ့ တအိမ်တက်ဆင်း မဲဆွယ် စည်းရုံးရေး နည်းကို သုံးနေသူတွေကို ကျော်လွှားပြီး မဲဆန္ဒရှင် အများစုက မစ္စတာ ထရမ့်ကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ အမေရိကန် ပြည်သူတွေက သူတို့ အသံကို နားထောင်မယ်လို့ ယူဆရတဲ့ မစ္စတာ ထရမ့်ကို သူတို့ရဲ့ သမ္မတလောင်း အတွက် ရွေးချယ်လိုက်ပါပြီ ။ သမိုင်းစာမျက်နှာသစ်မှာ မစ္စတာ ထရမ့်အနေနဲ့ သူမဲဆွယ်ပွဲမှာ ပေးထားခဲ့တဲ့ ကတိတွေကို ဖြည့်ဆည်းရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သြဇာ အရှိဆုံး ပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ တရားလွှတ်တော်ချုပ်မှာ လစ်လပ်တဲ့ နေရာတွေမှာ သူကြိုက်တဲ့ သူတွေကို ခန့်ထားနိုင်တော့မှာ ဖြစ်ပြီး အခုရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေက လွှတ်တော် နှစ်ရပ်လုံးမှာ မဲအများစု ရခဲ့တာကြောင့် ဆီးနိတ်နဲ့ အောက်လွှတ်တော်မှာ သြဇာ လွှမ်းမိုးမှု အပြည့်အ၀ မရခဲ့တဲ့ လက်ရှိ သမ္မတ အိုဘားမား ရင်ဆိုင်ခဲ့ရသလို တစ်ခုခု လုပ်ချင်ရင် လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရာမှာ ရှေ့တိုးနောက်ဆုတ် လုပ်မရတဲ့ အခြေအနေမျိုးတွေ တွေ့ကြုံရတော့မှာ မဟုတ်ဘူးပါဘူး။

ဒါကြောင့် မစ္စတာ ထရမ့်ဟာ သူပြောနေကျ စကားဖြစ်တဲ့ MAGA 'Make America Great Again' အမေရိကန်ကို သြဇာ အရှိဆုံး နိုင်ငံပြန်ဖြစ်လာအောင် တည်ဆောက်ပေးမယ်လို့ ပြောထားတဲ့အတိုင်း လုပ်ပြရတော့မှာ ဖြစ်ပါတယ်။