ဒေါ်နယ်ထရမ့် အနိုင်ရရှိမှု အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်ချက်

  • 9 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Sergei Karpukhin
Image caption ရုရှား အမေရိကန် ဆက်ဆံ ရေး တိုးတက် လာစေဖို့ ဆန္ဒရှိကြောင်း ထုတ်ဖေါ် ပြောကြား

အမေရိကန် သမ္မတ ရွေးကောက်ပွဲ သမိုင်းမှာ အကြီးမားဆုံး အံ့ဩရ လောက်အောင် ရီပတ်ဘလီကန် ဘက်က သူဌေးကြီး ဒေါ်နယ် ထရမ့် ဟာ ပြိုင်ဘက် ဒီမိုကရက် ဝါရင့် နိုင်ငံရေး သမားကြီး ဟီလာရီ ကလင်တန်ကို အနိုင် ရရှိ သွားပြီး အမေရိကန် ရဲ့ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာ တော့မှာပါ။

မစ္စတာ ထရမ့်ရဲ့ အောင်မြင်မှု အပေါ် ကမ္ဘာ့ နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ ကနေ ချီကျူး ဂုဏ်ပြု ခဲ့ကြသလို သတိနဲ့ စောင့်ကြည့်နေ သူတွေလည်း ရှိပါတယ်။

မြန်မာ အစိုးရကလည်း ဒေါ်နယ်ထရမ့်ကို ကြိုဆို လိုက်ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဝမ်းမြောက် ကြောင်း သဝဏ်လွှာ ပေးပို့မှာ ဖြစ်သလို၊ မြန်မာ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး အတွက် အများကြီး အပြောင်းမလဲ မဖြစ် နိုင်ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

ရုရှား သမတ ဗလာဒီမီယာ ပူတင်က မစ္စတာ ထရမ့် အောင်မြင်မှု အပေါ် ချီးကျူး ဂုဏ်ပြု စကား ပြောကြား လိုက်ပြီး၊ ရုရှား အမေရိကန် ဆက်ဆံ ရေး တိုးတက် လာစေဖို့ ဆန္ဒရှိကြောင်း ထုတ်ဖေါ် ပြောကြားပါတယ်။

ရုရှား အနေနဲ့ အမေရိကန်နဲ့ အလုံးစုံ ပြည့်ဝ ကောင်မွန်းတဲ့ ဆက်ဆံရေးမျိုး ပြန်လည် တည်ဆောင်ဖို့ ဆန္ဒရှိ သလို အဲဒီလို ဖြစ်ဖို့ ရုရှား ဘက်က အဆင်သင့် ရှိနေကြောင်း မော်စကိုမှာ ရှိတဲ့ နိုင်ငံခြား သံအမတ်တွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တရုတ် သမ္မတ ရှီကျင်ပင်း ကလည်း ဒေါ်နယ် ထရမ့်ကို ချီးကျူး ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့လိုက် ပါတယ်။ အခု ရွေးကောက်ခံ သမ္မတ သစ် နဲ့ အလုပ်တွေ တွဲလုပ် ဖို့ကို စောင့်မျှော် နေမယ်လို့ တရုတ် သမ္မတ ကပြောပါတယ်။

ဥရောပ သမဂ္ဂ ထိပ်တန်း ခေါင်းဆောင် ၂ ဦး ကလည်း ပူ့းတွဲ ကြေညာချက် ထုတ်ပြန်ရာမှာ အမေရိကန်နဲ့ အီးယူ အကြား ဆက်ဆံရေး ပိုမို ခိုင်မာ အားကောင်းလာဖို့ အရင်ထက် ပိုပြီး အရေးကြီး ကြောင်း ဖေါ်ပြထား ပါတယ်။

အီရန်သမ္မတ ရိုဟာနီ ကတော့ အီရန်နဲ့ ကုလသမဂ္ဂ အကြား သဘောတူ ထားတဲ့ နျူကလီယား သဘောတူချက်ကို ဒေါ်နယ် ထရမ့် အနေနဲ့ ပြန်ပြီး ပြောင်းလဲ လို့ မရ နိုင်ဘူးလို့ ပြောကြားလိုက် ပါတယ်။

အဲဒီ သဘောတူ ထားချက်ကို ဒေါ်နယ် ထရမ့်က ကမ္ဘာ့ သမိုင်းမှာ အဆိုးဝါးဆုံး သဘောတူချက် တခုဆိုပြီး မှတ်ချက်ပြု ပြောကြား ထားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ် ထရမ့် သမ္မတ အဖြစ် အနိုင် ရရှိ သွားတဲ့ သတင်းကြောင့် အာရှနဲ့ ဥရောပ က အစု ရှယ်ယာ ဈေးနှုန်းတွေ ကျဆင်းသွား ပါတယ်။ ဂျပန် နီကေး ရှယ်ယာ ဈေးက ၅ ရာခိုင်နှုန်း ကျသွားခဲ့ ပါတယ်။ ဥရောပ ဈေးကွက် မှာတော့ အစောပိုင်းမှာ ကျဆင်းခဲ့ပြီး နောက်ပိုင်းမှာ ဈေးပြန် တက်လာခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ