ဒေါ်နယ် ထရမ့်လက်ထက် မြန်မာ့ ဆက်ဆံရေး ပြောင်းလဲမှု ရှိနိုင်မလား

  • 9 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ရှိ သမ္မတ အိုဘားမား ကလည်း အာဏာ လွှဲပေးဖို့ အသင့် ရှိနေတယ်လို့ ပြော

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် လက်ထက်မှာ မြန်မာ နိုင်ငံ နဲ့ အမေရိကန် တို့ရဲ့ ဆက်ဆံရေးဟာ အပြောင်းအလဲ ရှိနိုင်တယ်လို့ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီ နိုင်က ပြောပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ လွတ်လပ် တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒ ကို လွှတ်တော် ဘက်ကလည်း လက်ခံ ကျင့်သုံးတယ်လို့ NLD ပါတီ ကလောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။

ဒါပေမယ့် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် လက်ထက်မှာ အမေရိကန် နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ဟာ အများကြီး အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အမေရိကန် ရဲ့ ပြောင်းလဲ လာတဲ့ နိုင်ငံခြားရေး မူဝါဒ အပေါ်မှာ အခြေခံပြီး မြန်မာ ဘက်က နည်းဗျူဟာတွေ ကို ပြောင်းလဲ ကျင့်သုံးလာ နိုင်တယ်လို့ ဒေါ်ပြုံးကေသီနိုင် က ဆက်လက် ပြောကြားပါတယ်။

ဟီလာရီ ကလင်တန်နဲ့ မြန်မာ နိုင်ငံက ကောင်းမွန်တဲ့ ဆက်ဆံရေး မူဝါဒ ရှိတာကြောင့် နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မှာ အထောက်အကူ ဖြစ်စေ ခဲ့တယ်လို့လည်း ဆိုပါတယ်။

NLD ပါတီ နဲ့ ဆက်ဆံရေး ကောင်းရှိတဲ့ ဟီလာရီ ကလင်တန် ကို နိုင်စေချင်ပေမယ့် ရွေးကောက်ပွဲ တစ်ခုမှာ ရွေးကောက်ခံရတာ နဲ့ ရွေးကောက် မခံရတာ ဆိုတာ ရှိပြီး ဘယ်အရာကို မဆို ရင်ဆိုင်ဖို့ အသင့်ပြင်ထား တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ဘက်ကိုကြည့်ရင်လဲ ရီပတ်ဘလီကန် က ဒေါ်နယ် ထရမ့် ရွေးကောက်ခံ ရတဲ့ အပေါ်မှာ ကြိုဆိုခဲ့ကြပြီး လက်ရှိ သမ္မတ အိုဘားမား ကလည်း အာဏာ လွှဲပေးဖို့ အသင့် ရှိနေတယ်လို့ ပြောပါတယ်။

ပြိုင်ဘက် ဟီလာရီ ကလင်တန် ကလည်း ဒေါ်နယ် ထရမ့် အမေရိကန် ရွေးကောက်ပွဲမှာ အ နိုင်ရရှိမှု ကို ချီးကျူး ဂုဏ်ပြု ခဲ့ပြီး အမေရိကန် ပြည် ကောင်းကျိုး အတွက် လက်တွဲ လုပ်ဆောင် သွားကြဖို့ ကမ်းလှမ်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ