ဒေါ်နယ်ထရမ့်ကို မြို့ကြီး တချို့မှာ ဆန့်ကျင် ဆန္ဒပြ

  • 10 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP/getty
Image caption ဆန့်ကျင် ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှု မရှိခဲ့။

အမေရိကန် ပြည်ထောင်စုက မြို့ကြီး တချို့မှာ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ အနိုင်ရတာကို မကျေနပ်ကြတဲ့ လူတွေ လမ်းတွေပေါ် ထွက်ပြီး ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

'ငါရွေးတဲ့ သမ္မတ မဟုတ်ဘူး' ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ကြပြီး တချို့ကလည်း ထရမ့်ရဲ့ ပုံတူတွေကို မီးရှို့ခဲ့ကြပါတယ်။

မစ္စတာ ထရမ့်ဟာ အင်္ဂါနေ့ ရွေးကောက်ပွဲမှာ ဟီလာရီ ကလင်တန်ကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာတော့မှာပါ။

မစ္စတာ ထရမ့်ဟာ ရာထူး သက်တမ်းကုန်တော့မယ့် အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး တာဝန် လွှဲပြောင်းယူဖို့ အရေးကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

သမ္မတ အိုဘားမားက မစ္စတာ ထရမ့်ကို ရွေးကောက်ပွဲ မတိုင်မီက သမ္မတ ရာထူးနဲ့ မထိုက်တန်သူ ဆိုပြီး ပြောခဲ့ဖူးပါတယ်။ အခုတော့ အိုဘားမားက အင်္ဂါနေ့ ရွေးကောက်ပွဲ ရလဒ်တွေကို လက်ခံဖို့ အမေရိကန် ပြည်သူ အားလုံးကို တိုက်တွန်း ထားပါတယ်။

မစ္စတာ ထရမ့်က တာဝန်လွှဲပြောင်းယူမယ့် လုပ်ငန်းစဉ်တွေအတွက် သူ့ရဲ့ အတွင်းစည်း အကြံပေး ပုဂ္ဂိုလ်တွေနဲ့ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သူ့အစိုးရအဖွဲ့ထဲက အရေးကြီး ရာထူး နေရာတွေမှာ ဘယ်သူတွေ ခန့်မယ်၊ သူ့အစိုးရ ပထမ ရက် ၁ဝဝ အတွင်း ဘာတွေကို ဦးစားပေး ဆောင်ရွက်မယ် စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ