တောင်ကိုရီးယားသမ္မတနုတ်ထွက်အစစ်ခံဖို့တောင်းဆိုခံရ

  • 12 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ငြိမ်ငြိမ်းချမ်းချမ်း ရှိနေဆဲဖြစ်ပေမယ့် အရင်အပတ်က ဆန္ဒပြပွဲတွေထက် တက်ရောက်တဲ့ ဦးရေပိုများလာတာကို တွေ့ရ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ သမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ သုံးပတ်ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

ပွဲစီစဉ်သူတွေရဲ့ အပြောအရ တက်ရောက်သူ တသန်းလောက်ရှိတယ်လို့ ဆိုပေမယ့် ရဲတွေကတော့ ဆန္ဒပြသူ ၂သိန်းခွဲလောက် ရှိနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ဒီဆန္ဒပြမှုတွေဟာ ငြိမ်ငြိမ်းချမ်းချမ်း ရှိနေဆဲဖြစ်ပေမယ့် အရင်အပတ်က ဆန္ဒပြပွဲတွေထက် တက်ရောက်တဲ့ လူဦးရေပိုများလာတာကို တွေ့ရပါတယ်။

ကိုရီးယား အလုပ်သမား သမဂ္ဂများ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ နန်ဂျန်ဆူးကလည်း

"ဒီကနေ့ဟာ ကျနော်တို့ အဖွဲ့ရဲ့ သမိုင်းမှာ အင်အားအများဆုံး စုဝေးပြီး သမ္မတကို ချက်ချင်းနုတ်ထွက်ဖို့၊ ပြီးရင်လည်း ထောင် ကျခံစေဖို့ တောင်းဆိုကြတာပါ" လို့ ဆန္ဒပြပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတက အစိုးရအကြံပေးအဖြစ် ခန့်ခဲ့တဲ့ သူ့ရဲ့ မိတ်ဆွေလည်းဖြစ်သူ မစ္စချွိုင်စွန်စီဟာ ရာထူး အရှိန်အဝါသုံးပြီး ဆမ်းဆောင်းအပါအဝင် တခြားလုပ်ငန်းရှင်တွေဆီက ငွေယူတယ်လို့ စွပ်စွဲမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

လောလောဆယ်မှာ သမ္မတရဲ့ အကြံပေးတွေကို ဖမ်းဆီး စစ်ဆေးမှုတွေ ရှိနေပေမယ့် သမ္မတကိုတော့ မေးမြန်းမှု မရှိသေးပါဘူး။

မစ္စ ပတ်ဂွန်ဟေးကလည်း သူ့ကို စစ်ဆေးမှုတွေ ရှိလာခဲ့ရင် အဲဒီအတွက် အဆင်သင့်ပါပဲလို့ ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ