အိန္ဒိယ ငွေစက္ကူ တရားမဝင် ကြေညာခဲ့မှု ကြောင့် အခက်အခဲဖြစ်ပေါ်

  • 13 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption နှစ်ထောင်တန် ငွေစက္ကူသစ် ကို ထုတ်ပြန်ခဲ့

အိန္ဒိယနိုင်ငံမှာ ငါးရာတန်နဲ့ တစ်ထောင်တန် ငွေစက္ကူတွေကို တရားမဝင်ကြေညာခဲ့ပြီးနောက် တနိုင်ငံလုံးမှာ အခြေအနေဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

အခုဆိုရင် ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန်ငွေစက္ကူတွေကို တရားမဝင်ကြေညာခဲ့တာ လေးရက်ကြာသွားခဲ့ပါပြီ။

ဒါဟာ မှောင်ခို စျေးကွက်နဲ့ ငွေမည်းတွေကို တိုက်ဖျက်ဖို့အတွက် ဓာတ်ကြမ်းတိုက် ကုသခဲ့တာဆိုပေမယ့် လက်တွေ့မှာ ဆင်းရဲသားနဲ့ သာမန်လူအများအပြားဟာ ဒုက္ခ အခံစားရဆုံးသူတွေ ဖြစ်နေကြပါတယ်။

ဆင်းရဲသားတွေဟာ ငွေထုတ်ဖို့အတွက် ငွေထုတ်စက်တွေရှေ့မှာ တန်းစီနေကြပါတယ်။ ဒါပေမယ့် ငွေထုတ်စက်တွေမှာ ငွေ အလုံအလောက် မရှိတဲ့ အတွက် ငွေဟာ အလျှင်အမြန်ပြတ်တောက်ခမ်းခြောက်သွားပါတယ်။

ဒေလီမြို့က အာကတ်ရှ် ရာဒတ်ဗ် ကတော့ သူတို့ အတော့် ကို ကျပ်တည်းပြီး အဆင်မပြေ ဖြစ်နေတယ်လို့ ပြောပါတယ်။ ပြီးတော့ သူတို့မှာ စျေးသုံးငွေတောင် အိမ်မှာ မရှိကြတော့ဘူးလို့ ပြောပါတယ်။

၂၀၀၀ တန်ငွေစက္ကူသစ်တွေကိုင်ပြီး စျေးမှာ စျေးသွားဝယ်ပေမယ့် အရောင်းအဝယ်မဖြစ်ပြန်ပါဘူး။ ဘယ်သူမှ ၂၀၀၀ တန်ကိုပြန်အမ်းစရာ ပိုက်ဆံ မရှိကြလို့ပါ။

ဒါ့အပြင် ငွေက ရုတ်တရက် ပြတ်တောက် ရှားပါးသွားတော့ ၂၀၀၀ တန်ကို ကိုင်ဆောင်ပြီး သုံးစွဲရတာကတောင် ထိန်းသိမ်းရတာ စိုးရိမ်ပူပန်ရတဲ့ ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်လာနေပါတယ်။

ဘဏ္ဍာရေးဝန်ကြီး မစ္စတာ အာရန် ဂျိတ္တလီကတော့ လူတွေအနေနဲ့ သိပ်ပြာယာ မခတ်ကြပါနဲ့ သိပ်မစိုးရိမ်ကြပါနဲ့လို၌ သတိပေးပါတယ်။ မကြာခင်မှာပဲ ငွေထုတ်စက်တွေထဲက တရားမဝင်ငွေစက္ကူတွေကို အကုန်ထုတ်ပြီး ငွေသစ်တွေနဲ့ အပြီးအစီး အစားထိုးလဲလှယ်ပေးနိုင်ပါတော့မယ်လို့ ဆိုပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကတော့ သူ့အနေနဲ့ ဘာ့ကြောင့် အခုလို ငွေစက္ကူတွေကို တရားမဝင်ကြေညာရသလဲဆိုတာကို ဂျပန်ကို ရောက်နေစဉ်မှာ လူတွေစိတ်အနှောက်အယှက် ဖြစ်ဖို့ လုပ်တာ မဟုတ်ပါဘူး။ ဒါဟာ သန့်ရှင်းရေးလုပ်တာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်လို့ လူတွေ အဆင်မပြေဖြစ်ရတယ် ဆိုတာ နားလည်ထားပါတယ်လို့ ပြောပါတယ်။

အိန္ဒိယဟာ အင်မတန်ကြီးတဲ့ နိုင်ငံကြီးဖြစ်တဲ့ အတွက် ရက်ပေါင်း ၅၀ အတွင်းမှာ ရိုးသားတဲ့သူတွေဟာ သူတို့ရဲ့ ငွေဖြူတွေကို ဘဏ်မှာ ငွေစက္ကူအသစ်တွေနဲ့ လဲလှယ်ပေးနိုင်ဖို့ အတွက် စီစဉ်ထားတယ်လို့

ဝန်ကြီးချုပ် က ဆက် ပြောပါတယ်။

ဒါပေမယ့် သူပြောတဲ့ ရိုးသားသူတွေရဲ့ ငွေဖြူဆိုတာဟာ တရားမဝင်ကြေညာခြင်း မခံရတဲ့ငွေစက္ကူတွေကိုသာ ဆိုလိုတာဖြစ်ပါတယ်။

ဒေလီက ပြည်နယ် အကြီးအကဲ တာယောက်ဖြစ်တဲ့ အာဗင့် ကက်ဂျရီဝေါ်လ် ကတော့ ဒီလုပ်ဆောင်ချက်ဟာ သာမန်ပြည်သူတွေအတွက် အကျိုးရှိစေမယ့် လုပ်ဆောင်ချက်မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

နေရာတိုင်းမှာ ကစဉ့်ကလျားဖြစ်နေကြပြီး မိုဒီရဲ့ ခွဲစိတ်ဆရာဝန်လို တိကျပါတယ်ဆိုတဲ့ကုထုံးဟာ သူ့ပစ်မှတ်ဖြစ်တဲ့ ငွေမည်းနဲ့ တရားမဝင်လုပ်ငန်းတွေကို ထိတာကနည်းနည်း သာမန်လူတွေရဲ့ ချွေးနှဲစာ စုဆောင်းငွေလေးတွေကို ထိတာက များများ ဖြစ်နေပြီလို့ ပြောပါတယ်။

ကုန်သည်ငယ်လေးတွေနဲ့ အသေးစားလုပ်ငန်းရှင်တွေက သပိတ်မှောက် ဆန္ဒပြကြဖို့ ခြိမ်းခြောက်လှုံ့ဆော်နေကြပါတယ်။

အတိုက်အခံပါတီတွေကလည်း ကျေးလက်နေပြည်သူတွေနဲ့ ဆင်ခြေဖုံးကမြို့နေဆင်းရဲသားတွေသာ အထိအခိုက်အနစ်နာဆုံးဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။

စီးပွားရေး အကျပ်အတည်း အခက်အခဲဖြစ်ချိန်တိုင်းမှာ အောက်ဆုံးအလွှာက လူတွေဟာ ပထမဆုံးထိခိုက်နစ်နာစမြဲဖြတ်တဲ့ အတွက် အိန္ဒိယဟာ ဒီအခြေအနေကို ဘယ်အတိုင်းအတာထိ သည်းခံစောင့်ဆိုင်းနိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကျော်ဖြတ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်တွေက သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ