ဘင်္ဂလားဒေ့ရှ်က တရုတ်ဆီက ရေငုပ်သင်္ဘော နှစ်စင်းဝယ်

  • 15 နိုဝင်ဘာ 2016
Image caption လျောင်နန် သင်္ဘော ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ် ရေတပ် ဦးစီးချုပ်က အခမ်းအနားနဲ့ လက်ခံ

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ဘင်္ဂလား ပင်လယ်အော်မှာ သူတို့ရဲ့ ရေတပ် စွမ်းအားကို မြှင့်တင်ဖို့ ကြိုးစား နေတာမှာ အခုတော့ သူတို့ရဲ့ ရေတပ် သမိုင်း တလျှောက် ရေငုပ်သင်္ဘောတွေ စတင် ပိုင်ဆိုင် လာပြီ ဖြစ်ပါတယ်။

တရုတ် နိုင်ငံဆီက ဝယ်ယူလိုက်တဲ့ ရေငုပ်သင်္ဘော နှစ်စင်းကို တရုတ် အရှေ့မြောက်ပိုင်း လျောင်နန် သင်္ဘော ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ် ရေတပ် ဦးစီးချုပ် နီဇာမူဒင် အာမက်ဒ်က အခမ်းအနားနဲ့ လက်ခံ ခဲ့တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အရှည် ပေ ၂၅ဝ၊ အကျယ် ၂၅ ပေ ရှိပြီး၊ တိုပီဒို ဒုံးကျည်နဲ့ မိုင်းဗုံးတွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော နှစ်စင်း အတွက် စုစုပေါင်း ဒေါ်လာ သန်း နှစ်ရာ စွန်းစွန်း ပေးခဲ့ရတယ် လို့လည်း သိထား ရပါတယ်။

ရေငုပ်သင်္ဘော အရောင်းအဝယ် သဘောတူမှုကို ကြည့်ရင် ဘင်္ဂလား-တရုတ် နှစ်နိုင်ငံကြား ကာကွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆက်ဆံရေး တိုးမြှင့် လာနေတာကို ထင်ဟပ် နေပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ သူတို့ရဲ့ စစ်စွမ်းအားကို အခု နှစ်ပိုင်းတွေ အတွင်း တိုးမြှင့် နေတာမှာ မြန်မာနဲ့ နယ်စပ် အနီးမှာလည်း လေတပ် အခြေစိုက် စခန်း အသစ်တစ်ခု ထားရှိ လာသလို နိုင်ငံ တနံတလျား စစ် အခြေစိုက် စခန်းတွေ ဖွင့်လှစ် နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ရေတပ်မှာလည်း အခုလို ရေငုပ်သင်္ဘော တွေ သာမက စစ်သင်္ဘောတွေ ဖြည့်တင်း ထားပြီး၊ ၂ဝ၁၃ ခုနှစ်မှာ ဆိုရင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာဟာ ရုရှား ဆီက အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တင့်ကားဖျက် ဒုံကျည်တွေ ဝယ်ယူဖို့ ဒေါ်လာ သန်းတစ်ထောင်တန် စာချုပ် ချုပ်ဆို ခဲ့ပါတယ်။

အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ အိန္ဒိယ တို့နဲ့ကြား ကာလတာရှည် အငြင်းပွား နေတဲ့ ပယ်လယ် ပိုင်နက် အငြင်းပွားမှုတွေ ဟာလည်း ကုလသမဂ္ဂက ဆုံးဖြတ် ဖြေရှင်း ပေးခဲ့ပြီး ဖြစ်တဲ့ အတွက် ဘင်္ဂလားဒေ့ရှ် အနေနဲ့ သူတို့ရဲ့ ပင်လယ်အော်မှာ ရေနံ ထုတ်ယူနိုင်ဖို့ နိုင်ငံတကာ ကုမ္ပဏီ တွေကို ဖိတ်ခေါ် ထားနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ