အလက်ပိုမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြန်စ

  • 15 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လေကြောင်း တိုက်ခိုက်မှု ရပ်နားထားစဉ် အတွင်း မြို့ထဲက အရပ်သား အနည်းငယ်သာ ထွက်ခွာခဲ့။

ဆီးရီးယားနိုင်ငံမှာ အလက်ပိုမြို့ အရှေ့ပိုင်းက သူပုန်နယ်မြေတွေကို ဆီးရီးယား တိုက်လေယာဉ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့ပါတယ်။

အောက်တိုဘာ လလယ်ပိုင်းက စပြီး မြို့ထဲက အရပ်သားတွေနဲ့ သူပုန်တွေ ထွက်ခွာနိုင်အောင် လေကြောင်း တိုက်ခိုက်တာတွေကို သီတင်းသုံးပတ်လောက် ရပ်နားထားရာကနေ အခု ပြန်လည် စတင် ပြုလုပ်လာတာ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်တာတွေ ပြန်မစခင် မြို့ထဲမှာ ရှိနေဆဲ ဖြစ်တဲ့ သူပုန်တွေကို မြို့ကနေ ထွက်ခွာကြဖို့ မက်ဆေ့ချ်တွေ ပေးပို့ ခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းကတော့ အလက်ပို အနောက်ပိုင်းက ဆေးရုံတစ်ရုံ ထပ်မံ ဗုံးကြဲခံရတယ်လို့ သတင်းတွေက ဆိုပါတယ်။

တချိန်တည်းမှာ ရုရှားကလည်း သူ့ရဲ့ လေယာဉ်တင် သင်္ဘော Admiral Kuznetsov ပေါ်ကနေ ပထမဆုံးအကြိမ် တိုက်လေယာဉ်တွေ စေလွှတ်ပြီး ဆီးရီးယားထဲက ဂျီဟတ် အုပ်စုတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ လေယာဉ်တင် သင်္ဘောကနေ ခရုဇ် ဒုံးကျည်တွေလည်း ပစ်လွှတ်ခဲ့ပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ဆီးရီးယား နိုင်ငံရဲ့ စားသောက်ကုန် ထုတ်လုပ်မှု စံချိန်တင် ကျဆင်းသွားခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ