ဘန်ကောက် ဗုံးခွဲမှုအတွက် ကြားနာမှုတွေ ပြန်စ

  • 15 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဗုံးကို တီအန်တီ ယမ်း ၃ ကီလိုဂရမ် သုံးခဲ့တယ်လို့ ရဲက ပြော။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က ဧရာဝဏ် နတ်ကွန်းအနီး ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဗုံးခွဲမှုအတွက် နောက်ကွယ်က ပါဝင်သူတွေလို့ စွဲဆိုခံထားရတဲ့ လူနှစ်ယောက်ကို ကြားနာ စစ်ဆေးမှုတွေ ပြန်စခဲ့ပါတယ်။

တရုတ်ပြည်က ဝီဂါ မျိုးနွယ်ဝင်တွေ ဖြစ်တဲ့ အဲဒီလူ နှစ်ယောက်စလုံးက သူတို့မှာ အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထွက်ဆိုခဲ့ကြပါတယ်။

အဲဒီနောက် ဝီဂါ စကားပြန် ရဖို့ အခက်အခဲတွေ ရှိခဲ့တဲ့အတွက် ကြားနာမှုတွေကို ဆိုင်းငံ့ ထားခဲ့ရပါတယ်။

သူတို့နှစ်ယောက်ကို ထိန်းသိမ်း ထားစဉ်အတွင်း ညှဉ်းပမ်း နှိပ်စက်တာတွေ ခံရတယ် ဆိုပြီး သူတို့က စောဒက တက်ခဲ့ကြပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။

သူတို့နှစ်ယောက်ကို ဗုံးဖောက်ခွဲမှု ပေါ်ပေါက်ခဲ့ပြီး ၃ ပတ် အကြာမှာ ဖမ်းမိခဲ့တာပါ။ ဒါပေမယ့် နောက်ထပ် သံသယရှိသူ ၁၅ ယောက်ကတော့ ထိုင်းနိုင်ငံကနေ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြပါတယ်။

ဧရာဝဏ် နတ်ကွန်းအနီး ဗုံးခွဲမှုမှာ လူ ၂၀ သေဆုံးခဲ့ပြီး တစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ