ICC ကို ဝင်ရောက်မယ့် အစီအစဉ် ရုရှား ရုပ်သိမ်း

  • 16 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption သည်ဂိတ်ဂ် မြို့က နိုင်ငံတကာ ရာဇဝတ် တရားရုံး။

ရုရှားနိုင်ငံက နိုင်ငံတကာ ရာဇဝတ် ခုံရုံးအဖွဲ့ ICC ကို ဝင်ရောက်မယ့် အစီအစဉ်တွေကို ရုပ်သိမ်းဖို့ သမ္မတ ဗလာဒီမီယာ ပူတင်က လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ICC ခုံရုံးဟာ ရုရှားရဲ့ မျှော်မှန်းချက်တွေနဲ့ မကိုက်ညီသလို သီးခြား လွတ်လပ်တဲ့ ခုံရုံးလည်း ဖြစ်လာမှာ မဟုတ်ဘူး ဆိုပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သည်ဟိတ်ဂ်မြို့ အခြေစိုက် နိုင်ငံတကာ ခုံရုံးကို ရုရှား နိုင်ငံ ဝင်ရောက်ဖို့ အစီအစဉ်ကို ၂၀၀၀ ပြည့်နှစ်က လက်မှတ် ရေးထိုးခဲ့ပေမယ့် အတည်ပြုခြင်းတော့ မရှိခဲ့ပါဘူး။

ဒီသီတင်းပတ် အစောပိုင်းကတော့ ICC တရားလို ရှေ့နေတွေက ခရိုင်းမီးယား ကျွန်းဆွယ် ရုရှားဘက် ရောက်သွားတဲ့ ကိစ္စဟာ ရုရှားနဲ့ ယူကရိန်းအကြား ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဆိုပြီး အစီရင်ခံစာ တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ခရိုင်းမီးယားကို ဖဲ့ယူသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ICC က စီရင် ဆုံးဖြတ်ပိုင်ခွင့် ရှိလာနိုင်တဲ့ သဘောကို သက်ရောက်ပါတယ်။

ICC ခုံရုံးဟာ နိုင်ငံတကာ ပြစ်မှုကြီး ၄ခု ဖြစ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှု၊ စစ်ရာဇဝတ်မှုနဲ့ ကျူးကျော် ရန်စမှု တို့ကို ဆုံးဖြတ် စီရင်ပိုင်ခွင့်ရှိတဲ့ ခုံရုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ