မားကိုစ်အလောင်းကို သူရဲကောင်းလို မြှုပ်နှံလို့ လူတွေဒေါသဖြစ်

  • 18 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဖိလစ်ပိုင် အာဏာရှင်ဟောင်း မားကို့စ် နှစ် ၂၀ ကြာ အုပ်ချုပ်သွားခဲ့။

ဖိလစ်ပိုင် နိုင်ငံမှာ အာဏာရှင်ဟောင်း ဖာဒီနန် မားကိုစ်ရဲ့ ရုပ်အလောင်းကို နိုင်ငံ့ သူရဲကောင်းများ သုသာန်မှာ ပြောင်းရွှေ့ မြှုပ်နှံလိုက်တဲ့ အတွက် မကျေမနပ် ခံပြင်း ဒေါသထွက်မှုတွေကို ပေါ်ထွက် လာစေခဲ့ပါတယ်။

အာဏာရှင် မားကို့စ်ဟာ ၁၉၈၆ ခုနှစ်မှာ ဖြုတ်ချခံရပြီးနောက် ၁၉၈၉ ခုနှစ်မှာ အမေရိကန်မှာ သေဆုံးခဲ့ကာ သူ့အလောင်းကို ၁၉၉၃ မှာ ဖိလစ်ပိုင်ကို ပြန်သယ်လာပြီး သူ့မွေးရပ်မြေမှာ ထားရှိခဲ့တာပါ။

အခုတော့ သူ့အလောင်းကို မနီလာမြို့က နိုင်ငံ့ သူရဲကောင်းတွေ မြှုပ်နှံရာ သုသာန်မှာ ပြောင်းရွှေ့ မြှုပ်နှံဖို့ ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေးက အတည်ပြု ပေးခဲ့တာဖြစ်ပြီး အခမ်းအနားကို သတင်းထောက်တွေကို ဝင်ခွင့်မပေးဘဲ လျှို့ဝှက် အစီအစဉ်နဲ့ ပြုလုပ်ခဲ့တာပါ။

နိုင်ငံတော် အခမ်းအနားလို ကျင်းပတာ မဟုတ်ဘဲ မိသားစုဝင် အနည်းငယ်နဲ့ ရိုးရိုးရှင်းရှင်း ပြုလုပ် ခဲ့တာပါလို့ ဖိလစ်ပိုင် ထိပ်တန်း ရဲ အရာရှိ တစ်ယောက်က ပြောပေမယ့် သေနတ် ၂၁ချက် ပစ်ဖောက်ပြီး စစ်အခမ်းအနား အပြည့်အစုံနဲ့ ဂုဏ်ပြု မြှုပ်နှံ ခဲ့တာ ဖြစ်ပါတယ်။

မားကို့စ်ဟာ သူ့လက်ထက်မှာ အတိုက်အခံတွေကို ညှဉ်းပမ်းနှိပ်စက်တာတွေ၊ ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ခဲ့သလို နိုင်ငံ့ဘဏ္ဍာ ဒေါ်လာ သန်းထောင်နဲ့ချီပြီး အလွဲသုံးခဲ့တယ်လို့ စွပ်စွဲ ခံရသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ