ဂျပန်မှာ ငလျင်ကြောင့် ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်

  • 22 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ်းခြေတွေ ဘက် မသွားကြဖို့ ဒေသခံ တွေ ကို ပြည်သူတွေ ကို သတိပေး နှိုးဆော်

နိုဝင်ဘာလ ၂၂ ရက် အင်္ဂါနေ့ မနက် ဒေသစံတော်ချိန် ၆နာရီ ခန့်မှာ ဂျပန်နိုင်ငံ မြောက်ဖက် ဟွန်ရှူးကျွန်း အရှေ့ဘက် ကမ်းခြေ အနီးက ဖူကူရှီးမား မှာ ပြင်းအား ၇ ဒဿမ ၃ ရှိတဲ့ ငလျင် လှုပ်သွားတဲ့ အတွက် ဂျပန် သတင်းဌာန တွေ ကနေ ပင်လယ်ပြင်ဘက် ထွက်သွားတဲ့ လှေသင်္ဘောတွေ ကို သတိပေး ကြေညာချက် တွေ ထုတ်ပြန်ခဲ့ ပါတယ်။

ဒါ့အပြင် ဂျပန် NHK ရုပ်သံ သတင်းမှ တဆင့် ကမ်းခြေတွေ ဘက် မသွားကြဖို့ ဒေသခံ တွေ ကို ပြည်သူတွေ ကို သတိပေး နှိုးဆော် လိုက်ပါတယ်။

ဒီ ငလျင်ကြောင့် ၁၀ ပေခန့် အမြင့်ရှိနိုင်တဲ့ ဆူနာမီ ဧရာမ လှိုင်းလုံးလည်း ကမ်းခြေ ကို ရိုက်ခတ် လွှမ်းမိုးသွားနိုင်လို့ ဖြစ်ပါတယ်။

၆၀ စင်တာမီတာ ရှိတဲ့ လှိုင်းလုံး ကတော့ ဖူကူရှီးမား ရဲ့ အိုနိုဟားမား ကမ်းခြေ ကို ရောက်လာခဲ့ပါတယ်။

အခု နောက်ဆုံးထုတ်ပြန်တဲ့ တိုင်းတာချက် သတင်း အရ ငလျင် ပြင်းအား ဟာ ၆ ဒဿမ ၉ ဖြစ်သွားပါပြီ။

ဒါပေမဲ့ ဆူနာမီ သတိပေးချက် ကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဆူနာမီ လှိုင်းလုံး တက်လာမဲ့ အရေး ကိုပဲ ကြိုတင် သတိပေးချက်တွေ ဆက်ပြီး ထွက်နေပြီး ငလျင်ပြင်းအားပေါ် မှာ မူတည်ပြီး ခန့်မှန်း သတိပေးနေတာ ဖြစ်ပါတယ် လို့ ဘီဘီစီ သတင်းထောက် လူစီဂျုန်းစ် က ဆိုပါတယ်။

လတ်တလော အခြေအနေ အရ အပျက်အစီး သတင်း ထွက်မလာသေးပေမယ့် ဖူကူရှီးမား မှာ နျူကလီယား ဓါတ်အားပေး စက်ရုံ တွေ ရှိတဲ့ အတွက် အများက စိုးရိမ်နေကြတာပါ။

အီဝါကီမြို့ မှာ တော့ မီးလောင်မှု တစ်ခုတော့ ဖြစ်ပွား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ က ပြင်းအား ၉ အထိရှိတဲ့ ဂျပန်နိုင်ငံ ရဲ့ စံချိန်တင် ငလျင်ကြောင့် ဆူနာမီ လှိုင်းပါ ရိုက်ခတ် ခဲ့တဲ့ အတွက် တက်ကို ဒိုင်အိချိ နျူကလီးယား စက်ရုံ ပျက်စီးခဲ့ရာက အဏုမြူ ယိုစိမ့်တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။

အခုတော့ နျူကလီးယား စက်ရုံ တွေ ကို ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ