ရက် ၁၀၀ အတွင်း ဦးစားပေးမယ့် ကိစ္စတွေကို ထရမ့် ထုတ်ပြော

  • 22 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption သူ ဦးစားပေး လုပ်မယ့် ကိစ္စတွေက အမေရိကန်တွေ အတွက် အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်မယ်လို့ သူက ပြော။

အမေရိကန် နိုင်ငံမှာ သမ္မတ အဖြစ် ရွေးကောက် ခံထားရတဲ့ ဒေါ်နယ် ထရမ့်က သူရာထူး လက်ခံအပြီး ပထမ ရက်ပေါင်း ၁၀၀ အတွင်း အဓိက ဦးစားပေး ဆောင်ရွက်မယ့် ကိစ္စတွေကို ချပြခဲ့ပါတယ်။

အဲဒီ ကိစ္စတွေထဲမှာ သူ ပထမဆုံး လုပ်မယ့် တစ်ခုကတော့ ပစ္စိဖိတ် ကမ်းရိုးတန်း နိုင်ငံတွေနဲ့ အမေရိကန်တို့ အရင်က သဘောတူထားခဲ့တဲ့ ပစ္စိဖိတ် ဖြတ်ကျော် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပယ်ဖျက်သွားဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီ သဘောတူညီချက်ကို ဖျက်သိမ်းပြီးရင် အမေရိကန် ပြည်သူတွေအတွက် အလုပ်အကိုင် အသစ်တွေ တိုးလာမယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဘီဘီစီ သတင်းထောက် ကတော့ အဲဒီလို လုပ်မယ်ဆိုရင် ပစ္စိဖိတ် ကမ်းရိုးတန်း တဝိုက်မှာ အမေရိကန်တို့ရဲ့ သြဇာ ကျဆင်းလာဖို့ ရှိပြီး တရုတ်က အမေရိကန် နေရာကို ဝင်ယူသွားလိမ့်မယ်လို့ ယူဆ ပြောဆိုပါတယ်။

ဒေါ်နယ်ထရမ့် လုပ်ဆောင်မယ့် တခြား ဦးစားပေး ကိစ္စတွေထဲမှာ တွင်းထွက် လောင်စာတွေ ထုတ်ယူမှုအပေါ် ကန့်သတ် ထားတာတွေကို ဖြေလျော့ပေးဖို့၊ ဆိုက်ဘာ လုံခြုံရေး တိုးမြှင့်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါပေမယ့် မဲဆွယ်ကာလက သူ ပြောခဲ့တဲ့ မက္ကဆီကိုနဲ့ နယ်စပ်မှာ တံတိုင်းဆောက်ဖို့ ကိစ္စတော့ ပါဝင်တာ မတွေ့ရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ