ပဲရစ်မြို့အနီး လမ်းပေါ်မှာ ယူရို ၅ သန်းဖိုး လုယက်ခံရ

  • 22 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ မြောက်ဘက်က အဝေးပြေး လမ်းမပေါ်မှာ ကာတာ နိုင်ငံသူ အမျိုးသမီးနှစ်ဦး စီးလာတဲ့ ဘန်တလေကား ဓားပြတိုက် လုယက်ခံရတဲ့အတွက် ယူရို ၅ သန်း တန်ကြေးရှိတဲ့ အဖိုးတန် ပစ္စည်းတွေ ပါသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကာတာ နိုင်ငံသူ ညီအစ်မ နှစ်ယောက်ဟာ တနင်္လာနေ့ ညပိုင်းက Le Bourget လေဆိပ်ကနေ ဒရိုင်ဘာနဲ့အတူ ထွက်ခွာလာစဉ် မျက်နှာဖုံးစွပ် လူတချို့က မျက်ရည်ယို ဓာတ်ငွေ့တွေသုံးပြီး ကားကို ရပ်စေခဲ့ကာ ပါလာတဲ့ လက်ဝတ် ရတနာတွေ၊ အဝတ်အထည် တွေကို လုယူသွားတာလို့ ရဲက ပြောပါတယ်။

အဲဒီ လမ်းကြောင်းပေါ်မှာ ယာဉ်ကြော ပိတ်ဆို့နေတတ်တဲ့ အဖိုးတန် ဇိမ်ခံကားတွေနဲ့ ကြွယ်ဝ ချမ်းသာပုံ ပေါက်တဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး လုယက် ဓားပြတိုက်တာတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ဒီလမ်းကြောင်းမှာပဲ ထိုင်ဝမ်သူ တစ်ယောက် ကားမှန်ခွဲပြီး လုယက်ခံရလို့ ယူရို လေးသန်းဖိုးလောက် ပါသွားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ကလည်း ဆော်ဒီ မင်းသားတစ်ပါးရဲ့ ယာဉ်တန်း Le Bourget လေဆိပ်ကို သွားစဉ် တိုက်ခိုက် လုယက်ခံရလို့ ယူရို နှစ်သိန်းခွဲလောက် ပါသွားဖူးပါတယ်။

အခုလ အစောပိုင်းကတော့ ပြင်သစ် အစိုးရက နိုင်ငံခြား ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် ငွေကြေး ပိုမိုကုန်ကျခံ သုံးစွဲပြီး လုံခြုံရေး ကင်မရာတွေ တပ်ဆင်တာလို ကိစ္စတွေကို ဆောင်ရွက်သွားမယ်လို့ ကတိပြု ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ