ဟီလာရီ အီးမေးလ်မှု ထပ်စစ်ဖို့ ထရမ့်က ဖိအားပေးမှာ မဟုတ်

  • 22 နိုဝင်ဘာ 2016
Image caption ဟီလာရီ အီးမေးလ် ကိစ္စ ထရမ့်က ဖိအားပေးမှာ မဟုတ်။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အဖြစ် ရွေးကောက် ခံထားရတဲ့ ဒေါ်နယ်ထရမ့် အနေနဲ့ သူ တကယ်တမ်း ရာထူး နေရာကို လွှဲပြောင်း ရယူပြီးရင် ရွေးကောက်ပွဲတုန်းက ခါးသည်းတဲ့ ပြိုင်ဘက် ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီးဘဝ တုန်းက အစိုးရ ရုံးကိစ္စ အတွက် စာပေးစာယူ တွေကို ကိုယ်ပိုင် အီးမေးလ် ကနေ အသုံးပြုခဲ့တဲ့ အပေါ် စုံစမ်း စစ်ဆေးမှု တွေ ထပ်မံ ပြုလုပ်ဖို့ ဖိအားပေးမှာ မဟုတ်ဘူး ဆိုပြီး ထရမ့်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က အမေရိကန် ပြည်တွင်း မီဒီယာတွေကို ပြောပါတယ်။

ရွေးကောက်ပွဲကြို မဲဆွယ် ကာလတွေ တုန်းကတော့ ထရမ့်က သူသာ သမ္မတ ဖြစ်လာရင် မစ္စစ် ကလင်တန်ရဲ့ အီးမေးလ် အရှုပ်တော်ပုံကို စုံစမ်းဖို့ အစိုးရ အမှုလိုက် အထူး ရှေ့နေ တစ်ယောက် ခန့်ထားမယ်လို့ ကတိကဝတ် တွေ ပေးခဲ့ပြီး၊ မစ္စစ် ကလင်တန်ဟာ ထောင်ဒဏ်ပေး အကျဉ်းချ ထားသင့်တယ်သူ ဖြစ်တယ် လို့လည်း မစ္စတာ ထရမ့်က ပြောဆို ခဲ့ပါတယ်။

မစ္စစ် ကလင်တန် အနေနဲ့ သူ့ အပေါ် အမေရိကန် ပြည်သူ အများစုက ယုံကြည် စိတ်ချဖွယ် ကောင်းသူ အဖြစ် မမှတ်ယူကြတဲ့ အချက် အပေါ် မျက်မှောက် ပြု လက်ခံရမှာ ဖြစ်ပြီး၊ ဒီလို ခက်ခဲတဲ့ အချိန်မှာ မစ္စစ် ကလင်တန်ကို မစ္စတာ ထရမ့် ဘက်က တတ်နိုင်သမျှ ကုညီ ဖေးမ သွားလိုပါတယ် ဆိုပြီး ထရမ့်ရဲ့ ပြောခွင့်ရ ကယ်လီယန်း ကော်န်ဝေး က ပြောပါတယ်။

ရွေးကောက်ပွဲရက် မတိုင်ခင်လေးမှာပဲ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI က သူတို့ ထပ်မံ ဆန်းစစ် ခဲ့တဲ့ အီးမေးလ်တွေမှာ မစ္စစ် ကလင်တန် အနေနဲ့ ရာဇဝတ်မှု မြောက်တဲ့ ပြစ်မှု တစုံတရာ ကျုးလွန်ထားတဲ့ အထောက်အထား မတွေ့ရဘူး ဆိုပြီး ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ