ရွှေ့ပြောင်းသူတွေ လွှတ်ပေးလိုက်မယ်လို့ တူရကီက အီးယူကို ခြိမ်းခြောက်

  • 25 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption မနှစ်က တူရကီကနေ ဥရောပဘက် ဖြတ်ကူးသူ သိန်းနဲ့ချီ ရှိခဲ့။

ဥရောပ သမဂ္ဂက ဖိအားပေးမယ် ဆိုရင် ထောင်သောင်းချီတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဥရောပဘက်ကို ဖြတ်ကူးခွင့် ပေးလိုက်မယ်လို့ တူရကီ သမ္မတ အာဒိုဂန်က သတိပေး လိုက်ပါတယ်။

တူရကီ အီးယူ အဖွဲ့ဝင် ဖြစ်လာရေး အစီအစဉ်နဲ့ ပတ်သက်တဲ့ ဆွေနွေးမှုတွေကို ရပ်ဆိုင်းဖို့ အီးယူ ပါလီမန် အမတ်တွေက ဆန္ဒထုတ်ဖော် မဲခွဲခဲ့ အပြီးမှာ တူရကီ သမ္မတက ခုလို တုံ့ပြန် လိုက်တာ ဖြစ်ပါတယ်။

တူရကီမှာ အာဏာသိမ်းဖို့ ကြိမ်းပမ်းမှု ဇူလိုင်လက ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အလွန်အကျွံ ထိန်းသိမ်း ဖမ်းဆီးမှုတွေ လုပ်ခဲ့လို့ အီးယူ ပါလီမန် အမတ်တွေက အခုလို တူရကီနဲ့ ဆွေးနွေးမှုတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ကြတာပါ။

ဥရောပထဲ ဝင်ရောက်တဲ့ ရွှေ့ပြောင်းသူတွေကို ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လက အီးယူနဲ့ တူရကီတို့ ညှိနှိုင်း သဘောတူခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ဂရိ ကျွန်းတွေဘက်ကို ဖြတ်ကူးတဲ့ ရွှေ့ပြောင်းသူ အရေအတွက် သိသိသာသာ လျော့ကျ သွားခဲ့ပါတယ်။

မတ်လက သဘောတူညီချက် အရ ရွှေ့ပြောင်းသူတွေကို တူရကီက ထိန်းချုပ်ပေးတဲ့အတွက် အပြန်အလှန်အနေနဲ့ တူရကီကို အကူအညီတွေ ပေးဖို့နဲ့ အီးယူ အဖွဲ့ဝင် ဖြစ်ရေး ဆွေးနွေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ အီယူဘက်က ကတိအတိုင်း လိုက်နာခြင်း မရှိဘူးလို့ သမ္မတ အာဒိုဂန်က စွပ်စွဲ ပြောဆိုသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ