ကက်စ်ထရို ဟာ ရက်စက်တဲ့ အာဏာရှင်လို့ ဒေါ်နယ် ထရမ့် ပုံဖော်

  • 27 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဏာရှင် လူ့အခွင့်အရေး ချိုးဖေါက်သူ အဖြစ် ပြောသူတွေ လည်း ရှိ

ကျူးဘား သမ္မတဟောင်း ဖီဒဲလ် ကက်စထရို နိုဝင်ဘာလ ၂၆ ရက်နေ့ က ကွယ်လွန် သွားပြီ ဖြစ်တဲ့ အတွက် ဝမ်းနည်းချင်း အထိမ်းအမှတ် အဖြစ် ၉ ရက် သတ်မှတ်ထားပါပြီ။

ဒီသတင်း ထွက်လာတာနဲ့ ကမ္ဘာ့ အနှံ့ တုန့်ပြန်မှု တွေ လည်း ချက်ချင်း ထွက်လာခဲ့ပါတယ်။

သူ့ ကိုတော်လှန်ရေး သူရဲကောင်း အဖြစ် သတ်မှတ်သူ တွေ ရှိသလို အာဏာရှင် လူ့အခွင့်အရေး ချိုးဖေါက်သူ အဖြစ် ပြောသူတွေ လည်း ရှိကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ ကုလသမဂ္ဂ ကိုယ်စား ဝမ်းနည်းစကား ပြောရင်း နဲ့ ကုလသမဂ္ဂ အနေနဲ့ ကျူးဘား နိုင်ငံသားတွေ နဲ့ ဆက်လက် လက်တွဲ လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖီဒဲလ် ကက်စ်ထရို ဟာ သူ့လက်ထက်မှာလည်း ကျူးဘားနိုင်ငံ ဟာ ပညာရေး၊ စာတတ်မြောက်ရေး နဲ့ ကျန်းမာရေး အပိုင်းတွေ မှာ တိုးတက်မှု ရှိလာတာလည်း တွေ့ခဲ့ရပါတယ် လို့ ပြောခဲ့ပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် ကတော့ ဗြိတိန် နိုင်ငံ အနေနဲ့ ကျူးဘားပြည်သူတွေ နဲ့ အတူ သမ္မတဟောင်း ဖီဒဲလ် ကက်စ်ထရို ကွယ်လွန်ခဲ့တာကို ဝမ်းနည်း ကြေကွဲ ကြောင်းနဲ့ သမိုင်းဝင် ခေါင်းဆောင်ကြီးရဲ့ အခန်းကဏ္ဍ ချုပ်ငြိမ်းသွားခဲ့ပေမဲ့ ကျူးဘား အစိုးရ နဲ့ နိုင်ငံခြား မူဝါဒပိုင်း ဆိုင်ရာ တွေ ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားမဲ့ အထဲမှာ လူ့အခွင့်အရေး ကိစ္စရပ်လည်း ပါဝင်ကြောင်း နိုင်ငံခြားရေးရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း အမေရိကန် နဲ့ ကျူးဘား ပြန်လည် သင့်မြတ်ရေး၊ သံခင်းတမန်ခင်း ဆက်ဆံရေး တွေ ဆောင်ရွက်ခွင့်ရခဲ့လို့ ရှေ့ဆက်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ချောမွေ့ ဖို့သာရှိကြောင်း ပြောပါတယ်။

ဒါပေမဲ့ သမ္မတ သစ် အဖြစ် ရွေးကောက်ခံ ရတဲ့ ဒေါ်နယ်ထရမ့် ကတော့ ဖီဒဲလ် ကက်စတြို ဟာ သူ့နိုင်ငံသားတွေ အပေါ်မှာ နှစ်ပေါင်း ၆၀ နီးပါး နှိပ်ကွပ်ခဲ့ပြီး ဆင်းရဲတွင်း နစ်ခဲ့စေသလို အခြေခံ လူ့အခွင့်အရေး တွေ ချိုးဖေါက်ခဲ့သူ ဖြစ်လို့ အခုမှ ပဲ ကျူးဘားပြည်သူတွေ အနေနဲ့ မိမိတို့ နဲ့ ထိုက်တန်တဲ့ လွတ်လပ်တဲ့ ဘဝ ကို ပြန်လည် ရရှိ တော့မယ့် အကြောင်း ဆိုပါတယ်။

မည်သို့ ဆိုစေ ကျူးဘားပြည်သူတွေ အဖို့တော့ သူတို့ဘဝ ကို ဇာတ်လမ်းစုံ နဲ့ သရုပ်ဆောင်စေခဲ့တဲ့ ခေါင်းဆောင်ကြီး ကို ကြည်ညိုစိတ်နဲ့ ဖြစ်စေ နာကျည်းမှု နဲ့ ဖြစ်စေ ပြည်ဖုံးကား ချပစ်ဖို့ အရေး က အချိန်ယူရဦးမှာ ဖြစ်တဲ့ အကြောင်း ကျူးဘားမှ ဘီဘီစီ သတင်းထောက် ဝီလ်ဂရန့် က သုံးသပ် ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ