ပြင်သစ် ဗဟို လက်ယာယိမ်း ပါတီက သမ္မတလောင်း ရွေးချယ်

  • 28 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပရိုင်မရီ ရွေးကောက်ပွဲ မှာ ၆၇ ရာခိုင်နှုန်း ကျော် အသာမဲ နဲ့ အနိုင်ရ

၂၀၁၇ ခုနှစ် မှာ ကျင်းပမဲ့ ပြင်သစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး ပါတီ တွေ က သမ္မတ လောင်းရွေးပွဲ မှာ ဗဟို လက်ယာ ယိမ်း ရီပတ်ဗလီကင် ပါတီမှ ဖရန်ဆွာ ဖီယွန်း ကို ပြင်သစ် ပြည်သူတွေ က ရွေးချယ်လိုက်ပါပြီ။

သူဟာ ပရိုင်မရီ ရွေးကောက်ပွဲ မှာ ၆၇ ရာခိုင်နှုန်း ကျော် အသာမဲ နဲ့ အနိုင်ရသွားတာပါ။

သူ့ကို ထောက်ခံသူတွေ ကို ပါတီဌာနချုပ်ရုံးရှေ့ မှာ ပြောရာမှာ ပြင်သစ်နိုင်ငံဟာ အမှန်တရား နဲ့ လက်တွေ့ လှုပ်ရှားမှု ကို လိုလားကြပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ် ကတော့ စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဒါကြောင့် အခု အချိန်က စလို့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း မှာ မရခဲ့တဲ့ အောင်မြင်မှု ကို ရယူကြပါစို့ အဲဒီအတွက် ပြည်သူအားလုံး ရဲ့ ပါဝင်ထောက်ခံ ဆောင်ရွက်မှု လို့ လိုပါတယ် လို့ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဖီယွန်း ရဲ့ ပြိုင်ဖက် ဖြစ်သူ အလန်ရူပေး ကိုယ်တိုင်လည်း ဝန်ကြီးချုပ် တာဝန် ယူခဲ့ဖူးပေမဲ့ ဒီတပွဲ မှာတော့ သူရှုံးနိမ့် ခဲ့ရပါတယ်။ ဒါပေမဲ့ မစ္စတာ ဖီယွန်း ကို သူထောက်ခံ အားပေးပါ့မယ် လို့ ဆိုပါတယ်။

အခုတော့ အသက် ၆၂ နှစ် ရှိနေပြီ ဖြစ်တဲ့ ဖရန်ဆွာ ဖီယွန်းအနေနဲ့ သမ္မတ ရွေးကောက်ပွဲ မှာ ပြိုင်ဘက် အနေနဲ့ ဆိုရှယ်လစ် ပါတီ မှ မာရင်းလီပင်း ကို ရင်ဆိုင် ရဖွယ် ရှိနေပါပြီ။

အခုလက်ရှိအနေအထား အရတော့ မစ္စတာ ဖီယွန်း ဟာ ပါတီတွင်း ညီညွတ်မှု ပြန်လည် တည်ဆောက် ရမှာပါ။ သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ လက်ထက်တုန်း က ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ မစ္စတာ ဖီယွန်း ဟာ ကက်သလစ် ဘာသာဝင် ရှေးရိုးစွဲ ဝါဒီ ပီပီ လိင်တူ လက်ထပ်မှု ကိုယ်ဝန်ဖျက်ချမှု စတာတွေ ကို အားမပေး လိုသူ ဖြစ်ပါတယ်။

ဒါ့အပြင် သူမဲဆွယ် ကာလ မှာ ပြောခဲ့တဲ့ စကားတွေ အရ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကို ဦးစားပေး လုပ်တဲ့ အနေနဲ့ အစိုးရ အလုပ်အကိုင် တွေ လျှော့ချပစ်မယ့် အကြောင်း၊ တပတ် ကို ၃၅ နာရီ ပဲ အလုပ် လုပ်တဲ့ ပုံစံ ကို ပြောင်းလဲ ပစ်မှာ ဖြစ်သလို ပင်စင်သက် တမ်း ကိုလည်း တိုးမြှင့် ယင်း အလုပ်သမား တွေ နှစ်ရှည် အလုပ် လုပ်ခွင့် ပေးမယ် ဆိုတာတွေ ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ