အမေရိကန် က ဗလီ တွေဆီကို အမုန်းတရားနဲ့ ရေးထားတဲ့ စာ ပေးပို့လာ

  • 28 နိုဝင်ဘာ 2016
Image caption သမ္မတ ဒေါ်နယ် ထရမ့် က အမေရိကန် ကို ပြန်လည် သန့်စင်ဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ရေးသားထား

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် က အစ္စလာမ် ဘာသာဝင် တွေ ဝတ်ပြုတဲ့ ဗလီ တချို့ဆီကို အမုန်းတရား နဲ့ ရေးသား ထားတဲ့ စာတွေ ရောက်လာ ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ အနေနဲ့ ပိုမို ကာကွယ် ပေးဖို့ လူ့အခွင့်အရေး အဖွဲ့ တွေက တောင်းဆို နေပါတယ်။

ဗလီ တွေဆီကို ရောက်လာကြတဲ့ စာထဲမှာ မွတ်ဆလင် တွေဟာ မသတီ စရာ ညစ်ညမ်းသူ တွေလို့ ရေးသား ထားပါတယ်။

လက်ရေး နဲ့ ရေးသား ထားပြီး မိတ္တူ ပြန်ကူး ထားတဲ့ စာထဲမှာ ရွေးကောက်ခံ ဒေါ်နယ် ထရမ့် ကို ချီးကျူး တဲ့ အကြောင်းလည်း ထည့်သွင်း ရေးသား ထားတယ်လို့ အမေရိကန် မွတ်ဆလင် ကောင်စီ အဖွဲ့အစည်းကြီးက ပြောပါတယ်။

အဲဒီ စာထဲမှာ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် က အမေရိကန် ကို ပြန်လည် သန့်စင်ဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ရေးသားထားပြီး အောက်ခြေမှာ အမေရိကန်တွေ အတွက် အကောင်းဆုံး လမ်း လို့ ရေးသားထားပါတယ်။

ဒီစာ နဲ့ မစ္စတာ ထရမ့် တို့ရဲ့ ပတ်သက်ဆက်နွယ်မှုတော့ မရှိပါဘူး။ အဆိုပါ စာတွေ နဲ့ ပတ်သက်ပြီး မစ္စတာ ထရမ့် က မှတ်ချက် တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောကြာခြင်း လည်း မရှိသေးပါဘူး။

ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလမှာတော့ မွတ်ဆလင် တွေကို ပြည်ဝင်ခွင့် ပိတ်ပင် မယ်လို့ မစ္စတာ ထရမ့် က တောက်လျှောက် ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

ဆာတန် မာရ်နတ် ရဲ့ သားသမီး တွေဆီသို့ လို့ လိပ်မူပြီး ရေးသား ထားတဲ့ စာတွေကို စိန့်ဂျို့စ်ဒေသ၊ လောင်းဘိခ်ျ နဲ့ ကလယ်ရီမောင့် ဒေသမှာ ရှိတဲ့ ဗလီ တွေဆီကို ရောက်လာတာ ဖြစ်ပါတယ်။

ဘာသာရေး အမုန်းပွားမှုတွေ ဖြစ်စေ နိုင်တာမို့ စစ်ဆေး မှု တွေ စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း စိန့် ဂျို့စ် ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ