ဖူကူရှီးမား ရှင်းလင်းရေး စရိတ်ကို နှစ်ဆတိုး ခန့်မှန်း

  • 28 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၁ မတ်လက ငလျင်ကြောင့် ဆူနာမီ ပေါ်ပေါက်ခဲ့ပြီး ဖူကူရှီးမား နျူစက်ရုံကို ထိခိုက်ခဲ့။

ဂျပန် နိုင်ငံမှာ ဖူကူရှီးမား နျူစက်ရုံက ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ရှင်းလင်းတာ၊ နျူစက်ရုံ အနီးတဝိုက်က ဒုက္ခ ကြုံခဲ့ရသူတွေကို လျော်ကြေးပေးတာတွေ အတွက် ကုန်ကျစရိတ်ဟာ အရင်က မျှော်မှန်း ထားတာထက် နှစ်ဆ တိုးလာတယ်လို့ သတင်းတွေက ဆိုပါတယ်။

အခုနောက်ဆုံး ဂျပန် ကုန်သွယ်ရေး ဌာနက ထုတ်ပြန်တဲ့ ခန့်မှန်း ကုန်ကျစရိတ်က ယန်း ၂၀ ထရီလီယံ (ဒေါ်လာ ၁၈၀ ဘီလျံ) ဖြစ်ပါတယ်။

ကနဦး ခန့်မှန်း ကုန်ကျစရိတ်က ဒေါ်လာ ၅၀ ဘီလျံသာ ဖြစ်ပြီး နောက် ၃ နှစ်အကြာမှာ ဒေါ်လာ ၁၀၀ ဘီလျံ အထိ တိုးလာခဲ့ကာ အခုနောက်ဆုံးမှာ နောက်ထပ် နှစ်ဆနီးပါး တိုးမြှင့် ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ငလျင်ဒဏ်ကြောင့် ဆူနာမီ ဖြစ်ပေါ်ခဲ့အပြီး ဖူကူရှီးမား နျူစက်ရုံ ထိခိုက် ပျက်စီးခဲ့တာပါ။

အဲဒီ အဖြစ်ဆိုးအတွင်း လူ တစ်သောင်းရှစ်ထောင်ကျော် သေဆုံးခဲ့ပြီး သိန်းနဲ့ချီတဲ့ လူတွေ နေရပ် စွန့်ခွာခဲ့ရကာ အဆောက်အအုံ တစ်သန်းကျော် ထိခိုက် ပျက်စီးခဲ့ပါတယ်။

လမ်းပေါင်း ၄ထောင်နီးပါး၊ တံတား ၇၈ ခု နဲ့ ရထားလမ်း ၂၉ ခု တို့လည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။

အဲဒီ ကုန်ကျစရိတ်တွေကို ဖူကူရှီးမား နျူစက်ရုံကို ပိုင်တဲ့ TEPCO ကုမ္ပဏီက ကျခံမယ်လို့ ဂျပန်အစိုးရက အစောပိုင်းက ပြောခဲ့ပေမယ့် အခုတော့ နျူစက်ရုံ သန့်ရှင်းတဲ့ စရိတ် အများစုကို ဂျပန် နိုင်ငံသားတွေက မြင့်မားတဲ့ ဓာတ်အားခတွေ ကတဆင့် ကျခံရမယ်လို့ အစိုးရက ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ