ဖီဒယ် ကက်စထရိုကို ကျူးဘား ပြည်သူတွေ ဂါရဝပြု

  • 28 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကက်စထရိုကို နောက်ဆုံး ဂါရဝပြုမယ့်သူတွေ တန်းစီ စုရုံး။

ကျူးဘား နိုင်ငံမှာ ကွယ်လွန်သူ တော်လှန်ရေး ခေါင်းဆောင် ဖီဒယ် ကက်စထရိုကို နောက်ဆုံး ဂါရဝပြုဖို့ အတွက် မြို့တော် ဟာဗာနားက တော်လှန်ရေး ရင်ပြင်မှာ ထောင်နဲ့ချီတဲ့ လူတွေ စုရုံး ရောက်ရှိ လာခဲ့ကြပါတယ်။

ဟာဗားနား မြို့တော်နဲ့ ၁၉၅၉ ခုနှစ်က တော်လှန်ရေး စတင်ခဲ့ရာ ဆန်တီယာဂို ဒီ ကူးဘား မြို့တွေမှာ သေနတ် ၂၁ ချက် ပစ်ဖောက်တဲ့ ဂုဏ်ပြုပွဲတွေ ပြုလုပ်ခဲ့ပြီးနောက် အများပြည်သူ အမှတ်ရပွဲတွေ စတင်ခဲ့တာပါ။

တော်လှန်ရေး ရင်ပြင်မှာ စုရုံးရောက်ရှိလာတဲ့ လူတွေက အမျိုးသားရေးနဲ့ ဆိုရှယ်လစ် လမ်းစဉ်တွေကို ဆက်လက် ကျင့်သုံးသွားဖို့ ကတိသစ္စာပြု ကြွေးကြော်ခဲ့ကြပါတယ်။

တော်လှန်ရေး ခေါင်းဆောင် ဖီဒယ် ကက်စထရိုဟာ သောကြာနေ့က အသက် ၉၀ အရွယ်မှာ ကွယ်လွန် ခဲ့တာပါ။

အဲဒီနောက် စနေနေ့က စပြီး ၉ ရက်တိုင်တိုင် ပူဆွေးဖွယ်နေ့တွေ သတ်မှတ်ထားပြီး နိုင်ငံအနှံ့က အလံတွေကိုလည်း တိုင်ဝက် လွှင့်ထူ ထားကြပါတယ်။

ကက်စထရိုရဲ့ အရိုးပြာကို သူ ဦးဆောင်တဲ့ ပြောက်ကျားတပ်ဖွဲ့ ချီတက်ခဲ့ရာ လမ်းကြောင်းအတိုင်း ဗုဒ္ဓဟူးနေ့ကနေ စတင် သယ်ဆောင်ကြမှာပါ။

ပူဆွေးဖွယ်နေ့ ၉ ရက်ပြည့်တဲ့ တနင်္ဂနွေနေ့မှာတော့ ဆန်တီယာဂို ဒီ ကူးဘား မြို့ကို သူ့ရဲ့ အရိုးပြာ ရောက်ရှိပြီး အဲဒီမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ