ဟားဗားနား တော်လှန်ရေး ရင်ပြင်မှာ လူ သောင်းနဲ့ချီ စုဝေး

  • 29 နိုဝင်ဘာ 2016
Image caption ကွယ်လွန်သူ သမ္မတဟောင်း အပေါ် ချစ်ခင် လေးစားကြောင်း ပြသ နေ

ကွယ်လွန်သူ တော်လှန်ရေး ခေါင်းဆောင် ဖီဒယ် ကက်စထရို ကိုအလေးအမြတ် ပြုကြဖို့ အတွက် ကျူးဘား နိုင်ငံ မြို့တော် ဟာဗာနားက တော်လှန်ရေး ရင်ပြင်မှာ လူတွေ ထောင်ပေါင်း များစွာ စုရုံး ခဲ့ကြပြီး လူတန်းရှည်ကြီး တွေ ဖြစ်နေ ခဲ့ကြပါတယ်။

ကျူးဘား မှာ နိုင်ငံတော် ဝမ်းနည်း ပူဆွေးဖွယ် အဖြစ် သတ်မှတ် ထားတဲ့ ကာလရက် ပထမဆုံး ရက်မှာပဲ ကက်စ်ထရိုရဲ့ ဓာတ်ပုံတွေ၊ နိုင်ငံတော် အလံတွေ၊ ပန်းစည်း တွေ ကိုင်ဆောင် ထားကြ တဲ့ ပြည်သူ တွေဟာ ကွယ်လွန်သူ သမ္မတဟောင်း အပေါ် ချစ်ခင် လေးစားကြောင်း ပြသ နေ ကြတာ ဖြစ်ပါတယ်။

ပြောက်ကျားတပ် ခေါင်းဆောင် ဘဝ၊ ကျောပိုးအိတ်နဲ့ သေနတ် လွယ်ထားတဲ့ ကက်စ်ထရိုရဲ့ ဧရာမ ပိုစတာကြီး တစ်ခုကိုလည်း အဆောက်အဦ တစ်လုံးမှာ ချိတ်ဆွဲ ထားပါတယ်။

မြို့တော် ဟာဗားနား မှာရော၊ ၁၉၅၉ ခုနှစ်တုန်းက တော်လှန်ရေး စတင်ကြောင်း ကြေညာခဲ့တဲ့ စင်တီယာဂို ဒီ ကူးဘား မြို့မှာပါ သေနတ် ၂၁ ချက် ပစ်ဖောက် ခဲ့ကြပါတယ်။

ကက်စ်ထရိုရဲ့ အရိုးပြာအိုးကို တော်လှန်ရေး ရင်ပြင်မှာ ခင်းကျင်း ပြသ ထားမယ်လို့ မျှော်လင့် ထားပေမယ့် မတွေ့ရပါဘူး။

အဲဒီ့ အရိုးပြာအိုး စင်တီယာဂို မှာ လာမယ့် တနင်္ဂနွေကျရင် မြှုပ်နှံမှာ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ၊ အမေရိကန်နဲ့ ကျူးဘား သံတမန် ဆက်ဆံရေး ပြန်လည် စတင် ခဲ့ပြီလို့ နှစ်နိုင်ငံ သမ္မတတွေ ကြေညာခဲ့ပြီး နှစ်နှစ်ပါး အကြာမှာတော့ အမေရိကန် ခရီးသည် တင် လေယာဉ် တစ်စင်း ဟာဗားနား မြို့တော်ကို ပထမ ဦးဆုံး အကြိမ် ဆိုက်ရောက် လာပါတယ်။

မိုင်အာမီမြို့ ကနေ ထွက်ခွာ လာတဲ့ လေယာဉ်ဟာ ဟားဗားနား နိုင်ငံတကာ လေဆိပ်ကို အချိန် အနည်းငယ် အတွင်းမှာပဲ ရောက်ရှိ လာတာ ဖြစ်ပါတယ်။

အမေရိကန်-ကျူးဘား ဆက်ဆံရေး တိုးတက် လာပေမယ့်လည်း ဒေါ်နယ်ထရမ့် လက်ထက် ကျရင် ကြာရှည် ခံပါ့မလား ဆိုတဲ့ စိုးရိမ်မှု တွေ ရှိနေပါတယ်။

ကျူးဘားနဲ့ ဆက်ဆံရေး အိုဘားမား မူဝါဒကို ဖျက်ပစ်မယ် လို့ ထရမ့်က မဲဆွယ် ကာလတွေ တုန်းကခြိမ်းခြောက် ထားပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ်ဟာ အမေရိကန် ရောက် ကျူးဘားပြည်ပြေးတွေ၊ ကျူးဘား အနွယ်တွေနဲ့ အမေရိကန် ပြည်ထောင်စု အတွက် ပိုမို ကောင်းမွန်တဲ့ လိုက်လျောမှုတွေ ကို ကျူးဘား အစိုးရက ပြုလုပ် လိုစိတ် ရှိသလား ဆိုတဲ့ အပေါ် မူတည် မှာ ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ