ဘရာဇီး ဘောလုံးအသင်းရဲ့ လေယာဉ် ပျက်ကျ၊ ၆ ဦးသာ အသက်ရှင်

  • 29 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption မက်ဒယ်ဂျင်း မြို့အနီး တောင်ထူထပ်ရာ ဒေသမှာ ပျက်ကျခဲ့။

ဘရာဇီး ထိပ်တန်း ဘောလုံးအသင်း တစ်သင်းရဲ့ ကစားသမားတွေ အပါအဝင် လူ ၈၁ ဦး လိုက်ပါသွားတဲ့ လေယာဉ် တစ်စီးဟာ ကိုလံဘီယာ နိုင်ငံ၊ မက်ဒယ်ဂျင်းမြို့ အနီးမှာ ပျက်ကျခဲ့ပါတယ်။

ငါးယောက်သာ အသက်ရှင်ပြီး ကျန်တဲ့သူ အားလုံး သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ၆ ယောက်မြောက် အသက်ရှင်သူ တစ်ဦးကိုလည်း နောက်ပိုင်းမှာ ထပ်တွေ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက်ရှင်သူ ၆ ဦးထဲမှာ ဂိုးသမား တစ်ယောက် အပါအဝင် ကစားသမား ၃ ဦး ပါဝင်ပါတယ်။

ကိုပါ အမေရိကား ဖလား ဖိုင်နယ်ပွဲ သွားကစားမယ့် ဘရာဇီးက Chapecoense ဘောလုံးအသင်း ကစားသမားတွေနဲ့ အသင်းအရာရှိတွေ၊ သတင်းယူမယ့် သတင်းသမားတွေ အဲဒီ လေယာဉ်ပေါ် လိုက်ပါသွားကြတာပါ။

လေယာဉ်ပေါ် လိုက်ပါသွားသူတွေအနက် ၇၆ ယောက် သေဆုံးခဲ့ရတာ ဆိုးရွားလှတဲ့ အဖြစ်ဆိုးကြီး ဖြစ်ကြောင်းနဲ့ ဆေးရုံ တင်ထားတဲ့ အသက်ရှင် ကျန်သူတွေကို အကူအညီပေးဖို့ အဓိက ဆောင်ရွက်နေကြောင်း မက်ဒဂျင်း မြို့တော်ဝန် Federico Gutierrez က ပြောပါတယ်။

အဲဒီ လေယာဉ်မှာ လျှပ်စစ်ပိုင်း ဆိုင်ရာ ပြဿနာတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အပေါ် ကိုလံဘီယံ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။

ဒါပေမယ့် လေယာဉ်က လောင်စာ ပြတ်သွားတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။