ထိုင်း အိမ်ရှေ့မင်းသား ထီးနန်းဆက်ခံဖို့ စတင်စီစဉ်

  • 29 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်ရှေ့မင်းသား ထီးနန်း ဆက်ခံဖို့ အစီအစဉ်တွေ စတင်နေ။

ထိုင်းနိုင်ငံမှာ အိမ်ရှေ့မင်းသား မဟာ ဝဂျီရာ လောင်ကွန်းကို ထီးနန်း အရိုက်အရာ အပ်နှင်းဖို့ အစီအစဉ်တွေ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ထီးနန်း ဆက်ခံဖို့အတွက် တရားဝင် ကမ်းလှမ်းတဲ့ စာကို ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု လွှတ်တော်က ပေးပို့ခဲ့ပြီး အိမ်ရှေ့မင်းသားက နန်းမတက်မီ အတည်ပြု လက်ခံရမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့က သက်တော် ၈၈ နှစ် အရွယ် ဘုရင်ကြီး ဘူမိဘော ကံတော်ကုန် သွားခဲ့အပြီး တစ်လကျော် အကြာ အခု သီတင်းပတ် နှောင်းပိုင်းမှာ အိမ်ရှေ့မင်းသားက ထီးနန်း အရိုက်အရာ ဆက်ခံလိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။

အစောပိုင်းကတော့ အိမ်ရှေ့မင်းသားက ထီးနန်း ဆက်ခံမယ့် အစီအစဉ်ကို အနည်းဆုံး တစ်နှစ်လောက် ဆိုင်းငံ့ထားဖို့ တောင်းဆို ခဲ့ပါတယ်။

ဘုရင်ကြီး ဘူမိဘော အတွက် ပူဆွေး အောက်မေ့ဖို့ အချိန်ပေးတဲ့ အနေနဲ့ အဲဒီလို ဆိုင်းငံ့လိုတာ ဖြစ်တယ်လို့ အဲဒီအချိန်က အကြောင်းပြချက် ပေးခဲ့ပါတယ်။

နှစ်ပေါင်း ၇၀ စိုးစံခဲ့တဲ့ ခမည်းတော် ဘူမိဘောရဲ့ ခြေရာကို နင်းပြီး ဘုရင်တစ်ပါးရဲ့ အခန်းကဏ္ဍမှာ အံဝင်ပါ့မလား ဆိုတဲ့ သံသယတွေကိုလည်း ထိုင်း ထိပ်တန်း အရာရှိတွေက ဖော်ပြ ခဲ့ကြဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ