အလက်ပိုက အရပ်သား ၁၆,၀၀၀ ထွက်ပြေး

  • 29 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ထွက်ပြေးလာသူတွေကို အန်ဂျီအို အဖွဲ့တွေက ဝိုင်းကူပေးနေတယ်လို့ ကုလက ပြော။

ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့မှာ သူပုန် နယ်မြေတွေကို အစိုးရ တပ်တွေက ထိုးစစ်ဆင် သိမ်းပိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ အရပ်သား တစ်သောင်းခြောက်ထောင် ရှိသွားပြီလို့ ကုလ သမဂ္ဂက ပြောပါတယ်။

အစိုးရတပ်ရဲ့ ထိုးစစ်တွေ ဆက်ရှိနေမယ် ဆိုရင် နောက်ထပ် ထွက်ပြေးမယ့်သူတွေလည်း ထောင်နဲ့ချီ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ အကြီးအကဲ Stephen O'Brien က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က စပြီး အလက်ပိုမြို့ အရှေ့ပိုင်းက သူပုန် နယ်မြေတွေရဲ့ သုံးပုံတစ်ပုံ ကျော်ကို ဆီးရီးယား အစိုးရ တပ်တွေနဲ့ ပြည်သူ့စစ်တွေက ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။

သူပုန်တွေ ဆက်လက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေပေါ် ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် တစ်ညအတွင်း အနည်း ၁၈ ဦး သေဆုံးပြီး အင်္ဂါနေ့ မနက်ပိုင်းမှာ ၁၀ ယောက် ထပ်မံ သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်။

အလက်ပိုမြို့ဟာ ၂၀၁၁ ခုနှစ်က စတင်တဲ့ ပြည်တွင်းစစ် မတိုင်မီက ဆီးရီးယားရဲ့ အကြီးဆုံးမြို့ ဖြစ်သလို၊ စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပေါင်းဆုံ အခြေစိုက်ရာ အဓိက မြို့ကြီးလည်း ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ