နိုင်ဂျီးရီးယားမှာ အငတ်ဘေးဆိုက်ဖို့ နီးလာ

  • 2 ဒီဇင်ဘာ 2016
Image caption ပြီးခဲ့တဲ့ အပတ်တွေထဲက စားစရာမရခဲ့တဲ့ အယ်လဘီနို အရေပြားရောဂါဖြစ်နေတဲ့ ကလေးငယ်တဦး

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကို ဟာရမ် သူပုန်တွေရဲ့ ပုန်ကန်မှုတွေကြောင့် လူပေါင်း တသိန်းလောက် အငတ်ဘေးဆိုက်ပြီး သေဆုံးမယ့် အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီနိုင်ငံအတွင်းက ဘော်နို ပြည်နယ်ကို ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ပက်ထရစ် ကင်စလေက

"အဖြစ်လုပ်ထားတဲ့ ရွက်ဖျင်တဲ ဆေးရုံတွေထဲမှာ အရိုးပြိုင်းပြိုင်း ဖြစ်နေတဲ့ ကလေးတွေကို ရာနဲ့ချီပြီး ကျနော်တွေ့ခဲ့တာခင်ဗျ။

သူတို့ စားစရာ မရတာလဲ ရက်တွေတော်တော် ကြာနေပြီဆိုတော့ အငတ်ဘေးဆိုက်လုနီးပါး အခြေအနေပါပဲ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ဂျီးယီးယား စစ်တပ်ဟာ သူပုန်သိမ်းထားတဲ့ နယ်မြေအများစုကို ပြန်သိမ်းနိုင်ခဲ့ပေမယ့် လုံခြုံမှုမရှိသေးတဲ့အတွက် အရပ်သားတွေ လယ်လုပ်လို့ မရသေးဘူးလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

လောလောဆယ်မှာ နိုင်ဂျီးရီးယား လူဦးရေ ၇သန်းလောက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။

ဒီအခြေအနေတွေကို အာဖရိကတိုက်ရဲ့ အကြီးဆုံး အကြပ်အတည်းအဖြစ် ကုလသမဂ္ဂက ညွှန်းဆိုထားပြီး အလှူငွေ ဒေါ်လာ တဘီလီယံလောက် လိုအပ်နေတယ်လို့ မေတ္တာရပ်ခံထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ