အမေရိကန်ရွေးကောက်ပွဲရလဒ် ပြန်ရေတွက်ဖို့တောင်းဆို

  • 3 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်ရွေးကောက်ပွဲ ရလဒ်ပြန်ရေတွက်ဖို့ တိုက်တွန်း

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အနိုင်ရခဲ့တဲ့ မစ်ချီဂန် ပင်ဆင်ဗေးနီးယား ဝစ်ကွန်ဆင် မဲဆန္ဒနယ်တွေက မဲတွေကို ပြန်ရေတွက်ဖို့ ဂရင်းပါတီ သမ္မတလောင်း Jill Stein ကတောင်းဆိုခဲ့ပါတယ်။ အခုအခါ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက မဲပြန်ရေတွက်တာကို ရပ်ဆိုင်းဖို့ အမှုဖွင့်ခဲ့ပါတယ်။ မစ်ချီဂန်မှာရှိတဲ့ ရှေ့နေချုပ်ကလည်း အဲဒီမှာ မဲပြန်ရေတွက်တာ မလုပ်ဖို့ ဆောင်ရွက်နေပါတယ်။

မစ္စစတိုင်းဟာ အခွန်ထမ်း ပြည်သူတွေရဲ့ငွေ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျစေမှာ မျိုးကိုလုပ်နေကြောင်း သူဟာ မဲပေါင်း ၄သန်း၈သိန်း ရှိတဲ့အထဲက ၁ရာနှုန်းပဲအနိုင်ရလို့ ပြည်နယ် ဥပဒေကိုအလွဲသုံးစား လုပ်နေကြောင်း ရှေ့နေချုပ်ကပြောပါတယ်။ ပင်ဆယ်လ် ဗီးနီးယား ပြည်နယ်မှာတော့ မဲပြန်ရေတွက်ဖို့ ပိုတင်းကြပ်တဲ့ ဥပဒေမျိုးရှိပြီး မစ္စစတိုင်းရဲ့ တောင်းဆိုချက်ကို နောက်တပတ်ကျမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဘယ်အဖွဲ့ကမှ အခုပြန်ရေတွက် တာကြောင့် မဲရလဒ်ကို ပြောင်းမယ်လို့မယုံကြည်ပါဘူး။ ဒါပေမယ့် မစ္စစတိုင်းကတော့ မဲပေးတဲ့စနစ်ရဲ့ တည့်မတ်မှန်ကန်မှုကို ပြသစေချင်တယ်လို့ ပြောပါတယ်။ ဖယ်ဒရယ် ဥပဒေအရ ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို လာမယ့် ဒီဇင်ဘာ ၁၃ရက်မှာ အပြီးဖြေရှင်း ရမှာဖြစ်ပါတယ်။

အခုကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်နယ်ထရမ့်ကို ရှုံးသွားတဲ့ မစ္စစ်ကလင်တန် ဘက်ကတော့ဘာမှ မပြောပါဘူး။ သူ့ရှေ့နေကတော့ မဲခိုးတာမျိုး မဲပေးမှုကို နှောက်ယှက်တာမျိုး အထောက်အထား မတွေ့ရပေမယ့် မစ္စစတိုင်းရဲ့ မဲပြန်ရေဖို့ ကြိုးစားမှုကို ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ပြောသွားပါတယ်။