အလက်ပ်ပို အပစ်ရပ်ရေး လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ရုရှားနဲ့ တရုတ် ပယ်ချ

  • 5 ဒီဇင်ဘာ 2016
Image caption အလက်ပ်ပို အရှေ့ဘက်ခြမ်း နယ်မြေတွေထဲ အစိုးရတပ်တွေ ဆက်လက် ထိုးဖောက်

ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့မှာ ၇ ရက်ကြာ အပစ်ရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှားနဲ့ တရုတ် တို့က ဗီတို အာဏာသုံး ပယ်ချ လိုက်ပါတယ်။

ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေကို အနှောင့်အယှက် အဟန့်အတား မရှိ ပေးပို့ နိုင်ရေး အတွက် အပစ်ရပ်ဖို့ တောင်းဆို ထားတဲ့ ဆုံးဖြတ်ချက် မူကြမ်း ဖြစ်ပါတယ်။

ဒါပေမယ့် မူကြမ်းပါ စာသားတွေကို လက်ခံ မလားဆိုတာကို သုံးသပ်ဖို့ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး အနေနဲ့ ၂၄ နာရီ အချိန်ရယူ နိုင်တယ် ဆိုတဲ့ စည်းမျဉ်းနဲ့ မကိုက်ညီတဲ့ အတွက် ပယ်ချ ရတာ ဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။

ဒီပြောဆိုမှုဟာ ရုရှားရဲ့ အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး အလက်ပ်ပိုမှာ ရုရှားရဲ့ မဟာမိတ် ဆီးရီးယား အစိုးရတပ်တွေ စစ်ရေး အသာစီး ရနေတာကို ဆက်လက် ထိန်းသိမ်း ထားချင် တာက အဓိက ဖြစ်တယ်လို့ အမေရိကန် က စွပ်စွဲနေသလို၊ အရပ်သားတွေကို ကူညီရေး အတွက် ရုရှားက ဂရုစိုက် တာ မဟုတ်ဘူး လို့လည်း ဝေဖန်ပါတယ်။

အလက်ပ်ပိုမြို့ တိုက်ပွဲ အခြေအနေကို ကြည့်ရင်တော့ အရှေ့ဘက်ခြမ်း နယ် မြေတွေထဲ ဆီးရီးယား အစိုးရတပ်တွေ ဆက်လက် ထိုးဖောက် နေပါတယ်။

အယ်လ်-ရှအာ ဆိုတဲ့ အရပ်မှာ တိုက်ပွဲတွေ ရှိနေတယ်လို့ သူပုန် အုပ်စုတွေ ဘက်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ