အလက်ပ်ပို အောင်ပွဲဟာ ပြည်တွင်းစစ် ချုပ်ငြိမ်း စေနိုင်တယ်လို့ အာဆတ် ပြော

  • 7 ဒီဇင်ဘာ 2016
Image caption ၅ ရက်ကြာ အပစ်ရပ်ဖို့ သူပုန်တွေ တောင်းဆို

အလက်ပ်ပိုမြို့ တိုက်ပွဲတွေမှာ အစိုးရတပ် အောင်မြင်မှု ရနေတာဟာ ဆီးရီးယား ပြည်တွင်းစစ် ပြီးဆုံး သွားနိုင်ဖို့ အတော်လေး နီးစပ် လာနိုင်တာ ဖြစ်တယ် ဆိုပြီး သမ္မတ ဘရှား အယ်လ်-အာဆတ် က ပြောပါတယ်။

အလက်ပ်ပို အရှေ့ဘက်ခြမ်း သူပုန်ထိန်းချုပ် နယ်မြေ တွေကို ဆီးရီးယား အစိုးရတပ်နဲ့ တခြား သစ္စာခံ လက်နက်ကိုင် တွေ ပြန်လည် သိမ်းပိုက် နေပြီး၊ ပိတ်မိ ကျန်နေခဲ့တဲ့ သူပုန် တွေကို အပြီးသတ် ဆက်လက် တိုက်ခိုက် နေပါတယ်။

အစောပိုင်း တုန်းကတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ အပါအဝင် အနောက်နိုင်ငံ တွေ စုပေါင်းပြီး အလက်ပ်ပိုမှာ တိုက်ပွဲတွေ ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုတဲ့ ကြေညာချက် တစ်စောင် ထွက်လာ ပါတယ်။

အလက်ပ်ပိုမှာ အရပ်သားတွေ ဘယ်လောက် ဆိုးဆိုးရွားရွား ခံစား နေရသလဲ ဆိုတာ တွေ့မြင် ခွင့်ရခဲ့ကြပြီး၊ သေငင်ဇောနဲ့ မျောနေကြရတဲ့ ကလေးငယ်တွေရဲ့ ရုပ်ပုံလွှာတွေ ကို တွေ့ရတာ စိတ်နှလုံး ကြေကွဲဖွယ်ရာ ဖြစ်တယ် လို့ အဲဒီ ကြေညာချက်ထဲ ရေးသား ထားပါတယ်။

ဆီးရီးယား အစိုးရနဲ့ သူတို့ရဲ့ မဟာမိတ် ရုရှား တို့ဟာ လူသားချင်း စာနာ နားလည်မှု အကူအညီတွေ မပြုလုပ်နိုင်ဖို့ ပိတ်ပင် နေတယ် ဆိုပြီး တော့လည်း အနောက်အုပ်စု နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်ထဲ ပြစ်တင် ရှုတ်ချထား ပါတယ်။

အခုဆိုရင် အလက်ပ်ပိုမှာ အဝိုင်း ခံထားရတဲ့ သူပုန်တွေကလည်း အရပ်သားတွေ နဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ် သွားနိုင်ဖို့ အတွက် ဆိုပြီး ၅ ရက်ကြာ အပစ်ရပ်ဖို့ တောင်းဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ