ငြိမ်းချမ်းရေး နိုဘယ်ဆုရ ကိုလံဘီယာသမ္မတ မိန့်ခွန်းပြော

  • 10 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption သူက ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ခံရသူတွေက ငြိမ်းချမ်းရေးစာချုပ်ကို သဘောတူပေမယ့် ပြည်သူ့ဆန္ဒခံယူပွဲမှာ ပယ်ချခံရတာဟာ နားလည်ရခက်တယ်လို့ ပြော

ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိထားတဲ့ ကိုလံဘီယာ သမ္မတ ဝမ် မန်နျူရယ် ဆန်းတော့စ်ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ဆန်းတော့စ်ဟာ ကိုလံဘီယာနိုင်ငံက FARC ကွန်မြူနစ်ပုန်ကန်သူတွေနဲ့ ငြိမ်းချမ်းရေး ယူနိုင်အောင် ကြိုးစားခဲ့တဲ့အတွက် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ ဒီသဘောတူညီမှုကို ပြည်တွင်း လူထုဆန္ဒခံယူပွဲရလဒ်က ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဆန်းတော့စ်ရဲ့ မိန့်ခွန်းမှာ သူက ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ခံရသူတွေက ငြိမ်းချမ်းရေးစာချုပ်ကို သဘောတူပေမယ့် ပြည်သူ့ဆန္ဒခံယူပွဲမှာ ပယ်ချခံရတာဟာ နားလည်ရခက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မူးယစ် စစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လယ်သမားပါမချန် မူးယစ်ဆေးဝါး လက်ဝယ်တွေ့သူတိုင်းကို ပြစ်ဒဏ်ချ၊ ထောင်ဒဏ်ပေးတဲ့ နည်းဗျူဟာကိုလည်း ပြန်လည် သုံးသပ်ဖို့ လိုနေကြောင်း သူက ပြောခဲ့ပါတယ်။

တခြား နိုဘယ်ဆုရှင်တွေကိုတော့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဆုချီးမြှင့်မှာ ဖြစ်ပေမယ့် ဆုရှင် ဆယ်ယောက်မှာ ကိုးယောက်ပဲ မြို့ကို ရောက်ပါသေးတယ်။

ဒီပွဲကို မတက်ခဲ့တဲ့ စာပေနိုဘယ်ဆုရှင် ဘော့ဒိုင်လန်က တခြား ကိစ္စတွေရှိနေလို့ မတက်ရောက်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။

ဒီဆုကို သူ့ရဲ့ ကိုယ်စား အဆိုတော် ပက်တီ စမစ်က ယူပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ