အလက်ပို အရှေ့ခြမ်းကနေ ထွက်ခွာ သွားခွင့်ကို အစိုးရ ဆိုင်းငံ့

  • 16 ဒီဇင်ဘာ 2016
Image caption ဆက်လက် ပိတ်မိ နေဆဲ သူတွေ ၅ သောင်း ဝန်းကျင် ရှိနေ

ဆီးရီးယား နိုင်ငံ အလက်ပို မြို့ အရှေ့ဘက်ခြမ်း မှာ ပိတ်မိနေတဲ့ အရပ်သားတွေ နဲ့ သူပုန် တွေကို ထွက်ခွာ ခွင့် ပေး နေတဲ့ အစီအစဉ်ကို ဆိုင်းငံ့ လိုက်ပြီ လို့ ဆီးရီးယား အစိုးရ က တရားဝင် ကြေညာ လာပါတယ်။

အလက်ပို မြို့ အပစ်အခတ် ရပ်ရေး သဘောတူမှုပါ အချက်အလက် တွေကို သူပုန် တွေဘက်က ချိုးဖောက် နေတယ် ဆိုတဲ့ စွဲချက် နဲ့ အလက်ပို အရှေ့ခြမ်းကနေ အရပ်သား တွေ အပါအဝင် လက်နက်ကိုင် တွေ ထွက်ခွာခွင့် ပေးထားတဲ့ အစီအစဉ်ကို ဆီးရီးယား အစိုးရ ဘက်က ဆိုင်းငံ့ ပစ်လိုက်တာ ဖြစ်ပါတယ်။

ကြာသပတေး နေ့ အထိက တော့ အလက်ပို အရှေ့ဘက် ခြမ်း ကနေ အနည်းဆုံး လူ ၆ ထောင် ထွက်ခွာ သွား နိုင်ခဲ့တယ် ဆိုပြီး ကုလသမဂ္ဂက ပြောပေမယ့်၊ ဆက်လက် ပိတ်မိ နေဆဲ သူတွေ ၅ သောင်း ဝန်းကျင် ရှိနေ သေးတယ် လို့လည်း ဆိုပါတယ်။

အလက်ပို အရှေ့ဘက် ခြမ်း နယ်တွေ ထဲ နာမကျန်း ဖြစ်နေသူ တွေ နဲ့ ဒဏ်ရာ အနာတရ ရထား သူ တွေ ကယ်ထုတ် ရေး အစီအစဉ်ကို ရပ်ထားဖို့ ဆီးရီးယား အစိုးရရဲ့ မဟာမိတ် ရုရှား ဘက် ကနေ အကြောင်းကြား လာတယ် ဆိုပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က တာဝန် ရှိသူ တစ်ဦး ဖြစ်တဲ့ Elizabeth Hoff က အတည်ပြု ပြောပါတယ်။

ဆီးရီးယား အစိုးရပိုင် မီဒီယာ ကနေ ပြောနေတာ ကတော့ သူပုန် တွေဟာ သူတို့ နဲ့ အတူ လက်နက်ကြီး တွေ နဲ့ သူတို့ ဖမ်းဆီး ထားတဲ့ သူတွေကိုပါတပါတည်း ခိုးထုတ် သွားဖို့ ကြိုးစား နေကြတဲ့ အတွက် လူတွေ ထွက်ခွာရေး အစီအစဉ်ကို ဆိုင်းငံ့ ရတာ ဖြစ်တယ်လို့ စွပ်စွဲ နေပါတယ်။

အလက်ပို အရှေ့ဘက်ခြမ်း ကနေ သူပုန်တွေ ထိန်းထားရာ အစ်ဒ်လစ်ဘ် ပြည်နယ် ထဲကို ထွက် ခွာခွင့် ပေးထား ခဲ့တာပါ။

အခုတော့ ထွက်ခွာ သွားလက်စ ဘတ်စ်ကား တွေ လမ်းကြောင်းပေါ် ပေါက်ကွဲသံ တွေ ကြား ခဲ့ရသလို လူတွေ သယ်ဆောင် လာတဲ့ ဘတ်စ်ကား တွေကို လည်း ပစ်ခတ် မှု တွေ ရှိ တယ် ဆိုပြီး တစ်ဘက်နဲ့ တစ်ဘက် အပြန် အလှန် စွပ်စွဲ နေကြ ပါတယ်။

ကယ်ထုတ် သွားရမယ့် သူတွေ ထဲ အသက် ၅ နှစ် အောက် အရွယ် လူမမယ် တွေနဲ့၊ အမျိုးသမီး တွေ အများအပြား ဆက်လက် ရှိ နေတယ်လို့ WHO က ပြောပါတယ်။

အလက်ပို အရှေ့ခြမ်း သူပုန် ထိန်းချုပ် နယ်မြေ အားလုံး နီးပါးကို ဆီးရီးယား အစိုးတပ် နဲ့ တခြား သစ္စာခံ လက်နက်ကိုင် တွေက ရုရှားရဲ့ လေကြောင်း ပစ်ကူတွေ နဲ့ သိမ်းပိုက် ခဲ့တဲ့ နောက် လက်ကျန် ပိတ်မိ နေတဲ့ နေရာတွေက သူပုန် တွေကို ထွက်ခွာ ခွင့် ပေးခဲ့တာပါ။

အလက်ပို အပစ်ရပ် သဘောတူမှု ကနေ ဆီးရီးယား တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု အထိ ဖြစ်လာ လေမလား ဆိုတဲ့ မျှော်လင့်ချက် ရှိလာခဲ့ ပေမယ့်၊ အခုတော့ အလက်ပို အရှေ့ခြမ်း အခြေ အနေ ပြန်လည် ဆိုးရွား လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ