တရုတ် က ဒရုန်း ပြန်ပေးဖို့ သဘောတူခဲ့ပြီလို့ ယူအက်စ် ဘက်က ပြော

  • 18 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အပြန်အလှန် စွပ်စွဲ ပြောကြားမှုတွေ နဲ့ ဆက်ဆံရေး တင်းမာ မှုတွေလည်း ဖြစ်ပေါ် ခဲ့

ဒီဇင်ဘာလ ၁၅ ရက် နေ့ က တောင်တရုတ် ပင်လယ်ပြင် ဘက်မှာ အမေရိကန် ရဲ့ ရေအောက် ခုတ်မောင်းလို့ရတဲ့ ဒရုန်း ကို တရုတ် က သိမ်းယူခဲ့ အပြီး မှာ ပြန်အပ် ဖို့ သဘောတူညီချက် တရုတ် ဘက် က ရ တဲ့ အကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် က ပြောခွင့်ရ ပီတာကွတ် ပြောပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက် လို့ နှစ်နိုင်ငံ အကြား တင်းမာမှု တော့ ဖြစ်ခဲ့ပါတယ်။

ပင်တဂွန်က ဆက် ရှင်းပြရာမှာ အဆိုပါ ရေအောက်ဒရုန်းကို သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေး အတွက် အသုံးပြုတာဖြစ်ပြီး တရုတ် ဖက် က သိမ်းယူတဲ့ နေရာ ဟာလည်း ဖိလစ်ပိုင် ကျွန်းအနီး ဆူးဗစ် ပင်လယ်အော် ရဲ့ အနောက်မြောက် ၅၇ မိုင် အကွာမှာ ဖြစ် လို့ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက် လို့ ဆိုပါတယ်။

ဒီဒရုန်း ကို အရပ်သား ကုမ္ပဏီ ကနေ ရေအောက်ကြမ်းပြင် စူးစမ်း လေ့လာရေး အတွက် တာဝန်ယူ ဆောင်ရွက်တယ် လို့ ရှင်းပြပါတယ်။

အမေရိကန် ဟာ တရုတ်ပိုင် သင်္ဘောတွေ ရဲ့ လုံခြုံမှု ရေးနဲ့ တရုတ် ရဲ့ စစ်ဘက်ဆိုင်ရာ ကို ထောက်လှမ်းရေး လုပ်တယ် လို့ တရုတ် ဖက်က စွပ်စွဲထားကြောင်း ဘီဘီစီ သတင်းထောက် ဂျိမ်း အိုဘရိုင်ရန် က ပြော ပါတယ်။

လေ့လာ အကဲခတ်တွေ ကတော့၂၀၀၁ ခုနှစ် က အမေရိကန် ရေတပ်က ထောက်လှမ်းရေး လေယာဉ် နဲ့ တရုတ် တိုက် လေယာဉ် တို့ ဝေဟင် မှာ တိုက်မိရာ က တရုတ် လေယာဉ်မှူး သေဆုံးခဲ့ ရတဲ့ အမှု အပြီးမှာ အခုဖြစ်ရပ် ကနေ တင်းမာမှု ပေါ်ပေါက်ကြောင်း ပြောပါတယ်။

နောက်တချက် ကလည်း တရုတ် ဘက် က တောင်တရုတ် ပင်လယ်ဘက်မှာ စစ်ဘက်ဆိုင်ရာ တိုးမြှင့်မှု ဆောင်ရွက်မှု တွေ ရှိနေတာ ကိုလည်း အမေရိကန် က စိုးရိမ်မှု ရှိတဲ့ အကြောင်း တရုတ် အမေရိကန် ဆက်ဆံရေး လေ့လာ သုံးသပ်သူတွေ က ပြောပါတယ်။

အမေရိကန်ပိုင် ရေအောက် လေ့လာရေး ဒရုန်း တစ်စင်း ကို တောင်တရုတ် ပင်လယ် ထဲမှာ တရုတ်နိုင်ငံ က သိမ်းယူ ခဲ့ပြီးနောက် မှာ အဲဒီ ဒရုန်း ကို ပြန်လည် ပေးအပ်ဖို့ တရုတ် နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန် ဘက်က ပြောပါတယ်။

အမေရိကန် ရေအောက် လေ့လာရေး ဒရုန်း ကို ဖမ်းဆီး ရမိ ပြီးနောက်မှာ နှစ်နိုင်ငံ အကြား အပြန်အလှန် စွပ်စွဲ ပြောကြားမှုတွေ နဲ့ ဆက်ဆံရေး တင်းမာ မှုတွေလည်း ဖြစ်ပေါ် ခဲ့ပါတယ်။

တောင်တရုတ် ပင်လယ် ဒေသမှာ ဝင်ရောက် စွက်ဖွက်မှုတွေကို အမေရိကန် အနေနဲ့ ရပ်တန့် ဖို့ လိုအပ်ကြောင်း တရုတ် နိုင်ငံ ဘက်က ပြောကြား ခဲ့သလို နိုင်ငံ တကာ ရေပိုင်နက် ထဲမှာ အမေရိကန် ရဲ့ ဒရုန်းယာဉ် ကို တရုတ် က ခိုးယူ ခဲ့တာ လို့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ